နေပြည်တော် ၃၀ ဒီဇင်ဘာ
ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ (၂၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပသည်။

အစည်းအဝေးတွင် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အနေဖြင့် သီးနှံပြောင်းလဲစိုက်ပျိုးခွင့် တင်ပြလာခြင်းကို အဓိက စားသုံးသီးနှံဖြစ်သည့် ဆန်စပါးဖူလုံမှု ထိခိုက်မှုမရှိပါက စိစစ်ပြီး ဥပဒေနှင့်အညီ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိဆန်စပါးစိုက်ပျိုးသော ဧရိယာနှင့် အထွက်နှုန်း အခြေအနေအရ ပြည်တွင်းစားသုံးဖူလုံမှုအပြင် ၄၀ ရာခိုင်နှုန်း ပိုလျှံမှု ရှိနေသော်လည်း ရေရှည်တွင် တိုးပွားလာမည့် လူဦးရေနှင့် ပြည်ပဝင်ငွေ တိုးတက်ရရှိရေး အတွက် မျှော်မှန်းဆောင်ရွက်ရန် လိုအပ်ကြောင်း။
ယခုအစည်းအဝေးတွင် တင်ပြမည့် နိုင်ငံနှင့်တစ်ဝန်း တောင်သူလယ်သမားများ အပါအဝင် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ၏ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် တင်ပြလာမှုကိစ္စရပ်များအပေါ် နိုင်ငံတော် ၏ စားနပ်ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးစွမ်းအားကိုလည်း တစ်ဖက်တစ်လမ်းမှ မထိခိုက်စေရေးကို သတိပြုပြီး နိုင်ငံတော်၏ အကျိုး၊ ပြည်သူလူထု၏ အကျိုးကို ရှေးရှု၍ အနည်းဆုံး လိုအပ်သည့် ပမာဏကို ခွင့်ပြုပေးနိုင်ရေး၊ နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် သိမ်းယူခဲ့သည့် လယ်ယာမြေများအတွက် နစ်နာကြေး၊ လျော်ကြေး အချိန်မီပေးချေရန် ကိစ္စရပ်များအတွက် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များက တည်ဆဲလယ်ယာမြေ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက တိုင်းဒေသကြီး/ပြည်နယ် အလိုက် နိုင်ငံတော်စီမံကိန်းများတွင် ပါဝင်သွားသည့် လယ်ယာမြေများအတွက် နစ်နာကြေး၊ လျော်ကြေးပေးချေရန်ကိစ္စရပ်များနှင့် တိုင်းဒေသကြီး/ပြည်နယ် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့များက စိစစ်ထောက်ခံတင်ပြပေးပို့လာသည့် လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် လုပ်ငန်းစာတွဲများကို ရှင်းလင်းတင်ပြကြရာ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် နှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးကြသည်။
လယ်ယာမြေကို အခြားနည်းအသုံးပြုရန် လျောက်ထားလာသော လုပ်ငန်းများတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအတွက် လျှပ်စစ်မီးရရှိနိုင်မှု၊ လမ်းပန်း ဆက်သွယ်ရေးအခြေအနေ၊ အလုပ်သမားများရရှိနိုင်မှု၊ မြို့ရွာနှင့် ထိစပ်နိုင်မှု၊ သုံးစွဲရေ ရရှိနိုင်မှု စသည့် အချက်များအပေါ် အခြေခံကာ ဖြစ်မြောက်နိုင်မှု အခြေအနေအပေါ်မူတည်၍ စိစစ်ခွင့်ပြုပေးလျက်ရှိသည့်နည်းတူ နိုင်ငံ၏ ထုတ်ကုန်စွမ်းအားတိုးတက်ရေး အခြေခံအဆောက်အဦများဖြစ်သည့် စက်ရုံအလုပ်ရုံများ တည်ဆောက်ခြင်း၊ လုပ်ငန်းများနှင့် ကုန် ထုတ်လုပ်မှု တိုးတက်ရေးလုပ်ငန်းများအတွက် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် တင်ပြတောင်းခံလာမှုများအပေါ် နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံရေး အမျိုးသားအကျိုးစီးပွား နှင့် သက်ဆိုင်သည့် လယ်ယာမြေ မလျော့ပါးရေးကို အလေးထား စိစစ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
(သတင်းစဉ်)
{Myanmar Digital News ၏ သတင်းများကို http://www.mdn.gov.mm ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။}