နေပြည်တော် ၇ သြဂုတ်
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ၂၃ ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက လယ်ယာမြေတွင် တောင်သူလယ်သမားများအတွက် အကျိုးရှိမည့် ရာသီသီးနှံများကို လွတ်လပ်စွာ စိုက်ပျိုးနိုင်ရေး စိစစ်ဆောင်ရွက်ကြရမည် ဖြစ်သော်လည်း လယ်ယာမြေများကို ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လှပ်မြေအဖြစ်ထားရှိခြင်း၊ ကြိုတင်ခွင့်ပြုချက်မရရှိမီ အခြားနည်း အသုံးပြုခြင်းများအပေါ် ဥပဒေနှင့်အညီ ထိန်းကျောင်းကြပ်မတ်ကြရန် လိုအပ်ကြောင်း၊ လယ်ယာမြေ လွှဲပြောင်းခြင်းဆိုင်ရာ နှောင့်နှေးကြန့်ကြာ နေမှုများကြောင့် စိုက်ပျိုးရာသီချိန် ထိခိုက်မှုမရှိရေး အထူးဂရုပြုဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
ထို့အပြင် မြေနုကျွန်းများ ခွဲဝေလုပ်ကိုင်ရာ၌ တာဝန်ခံဆောင်ရွက်ပေးရသည့် အဖွဲ့အစည်းများအနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေပါ စည်းမျဉ်းစည်းကမ်းများအတိုင်း တိကျစွာဆောင်ရွက်ပေးရမည့်အပြင် သက်ဆိုင်သည့် ဒေသခံတောင်သူလယ်သမားများအနေဖြင့် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာကြရန် လိုအပ်ပါကြောင်း၊ လယ်ယာမြေ အခြားနည်းသုံးစွဲခွင့် ရရှိပြီးသူများအနေဖြင့် ဥပဒေပါ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ သို့မှသာ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍဆိုင်ရာ လုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးသက်နိုင်ဦးက လယ်ယာမြေ အခြားနည်းခွင့်ပြုမိန့်အတွက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် နစ်နာကြေး၊ လျော်ကြေးပေးချေရန်ကိစ္စများ အပါအဝင် အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းစဉ်များကို ဖတ်ကြားတင်ပြရာ တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေး ဆုံးဖြတ်ကြသည်။
ယနေ့အစည်းအဝေးတွင် နိုင်ငံတော်စီမံကိန်းလုပ်ငန်းများ၌ ပါဝင်ခဲ့သည့် လယ်မြေ ယာမြေများအတွက် နစ်နာကြေးနှင့် သီးနှံလျော်ကြေး ပေးအပ်နိုင်ရေးကိစ္စရပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များက အချက်အလက်ပြည့်စုံစွာဖြင့် စိစစ်ထောက်ခံပေးပို့လာသည့် လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် လုပ်ငန်းများကို ဆွေးနွေးဆုံးဖြတ်ကြကြောင်း သိရသည်။
သတင်းစဉ်


