နေပြည်တော် ၁၄ နိုဝင်ဘာ
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အစည်းအဝေးများတွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှ တင်ပြလာသော လုပ်ငန်းစာတွဲများကို ဝိုင်းဝန်းစိစစ်အတည်ပြုခြင်း၊ သက်ဆိုင်ရာကော်မတီသို့ ပြန်လည်ပေးပို့ခြင်းများကို အချိန်ကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သို့မှသာ နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများနှင့် ဒေသတွင်းဖွံ့ဖြိုးရေးဆိုင်ရာ တည်ဆောက်ရေးများတွင် ကြန့်ကြာမှုမရှိစေဘဲ အထောက်အကူပြုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရာတွင် လယ်မြေကို လိုအပ်သည်ထက် ပိုမိုသုံးစွဲမှုမရှိရန်နှင့် အနည်းဆုံးလိုအပ်သည့် ပမာဏကိုသာ ဆောင်ရွက်စေသင့်ပါကြောင်း၊ မြေယာတန်ဖိုးမြင့်လာမှုအပေါ် မျှော်မှန်းချက်ဖြင့် အနာဂတ်အတွက် မြေကိုလက်ဦးမှုရယူထားမှု မဖြစ်အောင် သတိပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ခွင့်ပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် ပျက်စီးမှု စသည့် မလိုလားအပ်သော ဆိုးကျိုးများမဖြစ်ပေါ်အောင် ဆန်းစစ်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးသက်နိုင်ဦးက နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် တိုင်းဒေသကြီး/ ပြည်နယ်/မြို့နယ်များတွင် သိမ်းယူခဲ့သည့် လယ်ယာမြေများအတွက် နစ်နာကြေး၊ လျော်ကြေး အချိန်မီပေးချေနိုင်ရေးကိစ္စရပ်များ၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ယခင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ ပြန်လည်စိစစ်တင်ပြရန် ကိစ္စရပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှ စိစစ်ထောက်ခံတင်ပြပေးပို့လာသည့် လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် လုပ်ငန်းစာတွဲများ၊ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအရ လိုအပ်ချက်များ တောင်းခံမှုအပေါ် ပြန်လည်တင်ပြလာသည့် လုပ်ငန်းစာတွဲများ၊ ယခင် ခွင့်ပြုထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကို လယ်ယာမြေအဖြစ် သတ်မှတ်ပေးရန် လျှောက်ထားလာမှုများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များပေါ် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။
သတင်းစဉ်


