နေပြည်တော် ၂၈ ဒီဇင်ဘာ
ပြောင်းလဲသက်ရောက်လျက်ရှိသည့် ရာသီဥတုအပေါ် တုံ့ပြန်နိုင်စွမ်းရှိသည့် စိုက်ပျိုးထုတ်လုပ်မှု ဖြစ်စေရေးအတွက် သီးနှံပုံစံပြောင်းလဲစိုက်ပျိုးရန်၊ နည်းပညာ ပြောင်းလဲကျင့်သုံးရန် လိုအပ်ချက်များအား လယ်ယာကဏ္ဍတွင် ပါဝင်ပတ်သက်သူအားလုံးတို့က စုစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ယနေ့နံနက်ပိုင်းက ရွှေဘိုမြို့ ဘုန်းဘွဲ့ကျေးရွာ အထက်တန်းကျောင်းခွဲဝန်းအတွင်း၌ ကျင်းပသည့် ဒေသခံတောင်သူလယ်သမားများနှင့် တွေ့ဆုံပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး စိုက်/မွေး/ဆည်ဝန်ကြီး ဦးကမ်ဇာမုံ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး ခရိုင်မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသနေတောင်သူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက စစ်ကိုင်းတိုင်းဒေသကြီး မူးမြစ်ဝှမ်းဒေသ၏ အဓိကစိုက်ပျိုးရေ အရင်းအမြစ်တစ်ခုဖြစ်သည့် သဖန်းဆိပ်ရေလှောင်တမံသည် အားလုံးသိရှိပြီး ဖြစ်သည့်အတိုင်း နှစ်ပေါင်း ၂၀ အတွင်း ယခုနှစ်မိုးရာသီတွင် ဝင်ရေအနည်းဆုံးဖြစ်ပေါ်ခဲ့သဖြင့် ဆောင်းသီးနှံနှင့် နွေသီးနှံစိုက်ပျိုးရေပေးဝေရန် အခက်အခဲဖြစ်ပေါ်လျက်ရှိနေကြောင်း၊ ယင်းအခက်အခဲကို အကောင်းဆုံး ကျော်လွှားနိုင်ရန် မိမိတို့အားလုံး ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးသာမက တစ်နိုင်ငံလုံး၏ ဆည်များတွင်လည်း ယခုနှစ် မိုးရာသီဝင်ရေလျော့နည်းခဲ့သဖြင့် ဆည်နှင့်ရေလှောင်တမံများ၌ လက်ကျန်ရေနည်းပါးမှုကြောင့် ဆောင်းသီးနှံနှင့် နွေသီးနှံစိုက်ပျိုးထုတ်လုပ်ရေးတွင် ထိခိုက်မှုမဖြစ်ပေါ်စေရန် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများနှင့် သီးနှံနှင့် သီးနှံပုံစံပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အကြံပြုနှိုးဆော်ချက်များ ထုတ်ပြန်ပေးခဲ့ပြီး ဖြစ်ပါကြောင်း။
လက်ရှိကြုံတွေ့ရမှုအခြေအနေမှ စိုက်ပျိုးရေချွေတာအသုံးပြုရေး အတွေ့အကြုံများ၊ တောင်သူများအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်မှု အလေ့အထကောင်းများ စသည့် မျက်စိဖြင့်မမြင်ရသည့် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုအကျိုးအမြတ်များ ရရှိနိုင်လိမ့်မည်ဟု မိမိယုံကြည်ပါကြောင်း၊ တဘက်တွင်လည်း စပါးပြီးစပါးစိုက်ပျိုးခြင်းထက် အခြားသီးနှံ ပြောင်းလဲစိုက်ပျိုးခြင်းကြောင့် မြေဆီတိုးတက်ပြောင်းလဲလာနိုင်ကြောင်း၊ ဥပမာ မိုးစပါးအပြီး ပဲသီးနှံစိုက်ပျိုးခြင်းသည် မြေဆီထက်သန်မှုကို အကျိုးပြုနိုင်သဖြင့် သီးနှံပြောင်းလဲစိုက်ပျိုးရမှုကို မိမိအနေဖြင့် အကောင်းဘက်က ရှုမြင်မိပါကြောင်း၊ နွေသီးနှံအတွက် အခြေအနေပေးသည့် ဒေသများတွင် မြေအောက်ရေသုံးစွဲနိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းအပါအဝင် မိမိတို့ဝန်ကြီးဌာနနှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများက နည်းပညာနှင့် အကူအညီများ ဆောင်ရွက်ပေးသွားမည်ဖြစ်၍ လယ်ယာကဏ္ဍတွင် ပါဝင်ပတ်သက်သူအားလုံးတို့က စုစည်းညီညွတ်စွာပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသနေတောင်သူများက သိရှိလိုသည်များ မေးမြန်းကြပြီး ကူညီပေးရန်လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြေကြားဆွေးနွေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အကျိုးဆောင် တောင်သူဂုဏ်ပြုဆုများကို ချီးမြှင့်ပေးအပ်ကြရာ သက်ဆိုင်ရာ တောင်သူများက လက်ခံရယူကြသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးနှင့် အဖွဲ့သည် စုဝေးဆောင်အနီး ခင်းကျင်းပြသထားသည့် လယ်ယာသုံးစက်ကိရိယာ အရောင်းဆိုင်ခန်းများ၊ စိုက်ပျိုးရေးသွင်းအားစု အရောင်းပြခန်းများ၊ တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ခဲ့သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေး မှတ်တမ်းပြကွက်များအား ကြည့်ရှုအားပေးကြရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးတို့က ရှင်းလင်းပြသခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်