နေပြည်တော် ၂၇ ဖေဖော်ဝါရီ
ဆည်မြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအနက် သဘာဝသယံဇာတကြွယ်ဝသည့် နိုင်ငံဖြစ်သည်နှင့်အညီ အခြေခံကျသည့် ရေအရင်းအမြစ်များကို ပိုင်ဆိုင်ထားပါကြောင်း၊ ရေသယံဇာတများ ထိန်းသိမ်းခြင်း၊ ဆည်တာတမံများ ရေရှည်တည်တံ့စေရေးနှင့် သဘာဝရေဘေးဒဏ် ခံနိုင်ရည်ရှိစေရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ တည်ဆောက်ရေးအပိုင်းကို အာရုံစူးစိုက်ဆောင်ရွက်ကြရန်၊ စီမံခန့်ခွဲမှုအားကောင်းမှုနှင့်အတူ ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ဆည်မြောင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ တည်ဆဲဆည်မြောင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လုပ်ငန်း၏ စံချိန်စံညွှန်းဆိုင်ရာကဏ္ဍ၊ ဘဏ္ဍာငွေကြေး စီမံခန့်ခွဲမှုကဏ္ဍတို့တွင် တာဝန်ယူမှုနှင့်အတူ လုပ်ငန်းအကောင်အထည်ဖော်မှုဆိုင်ရာ ရည်မှန်းချက်၊ မဟာဗျူဟာနှင့် လက်တွေ့ဆောင်ရွက်မှု ရလဒ်များ၏ အားသာချက်၊ အားနည်းချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ပြည်ပချေးငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းများတွင် အဖွဲ့အစည်းအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုနှင့် စီမံခန့်ခွဲမှု အားကောင်းရန် အရေးကြီးပြီး Project Management Unit (PMU) ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားလာစေရေး၊ ဝန်ထမ်းသက်သာချောင်ချိရေး လုပ်ငန်းများကို ထိန်းကျောင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်က ဘဏ္ဍာနှစ်အလိုက် ဆည်မြောင်းကဏ္ဍ ဖွံ့ဖြိုးရေးဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဦးစီးမှူးများက ဒေသအလိုက် ဆောင်ရွက်ချက်များနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက တာဝန်များအား တိကျစွာ သတ်မှတ်တာဝန်ပေးအပ်ရန်၊ လိုအပ်ချက်များ ဖြည့်ဆည်းပေးရန်နှင့် လုပ်ငန်းဆောင်ရွက်ချက်များကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန် စသည့် လိုအပ်ချက်များကို ဖြည့်ဆည်းဆွေးနွေးသည်။
သတင်းစဉ်


