နေပြည်တော် ၃၀ နိုဝင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ထူးချွန်ဝန်ထမ်းများ ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီး၌ တာဝန်ယူဆောင်ရွက်နေကြသော နိုင်ငံ့ဝန်ထမ်းများအနေဖြင့် စီမံခန့်ခွဲရေးဆိုင်ရာ ဗဟုသုတများ၊ နည်းပညာများ၊ နိုင်ငံဝန်ထမ်းဥပဒေ နည်းဥပဒေများ၊ ဝန်ထမ်းကျင့်ဝတ်၊ လုပ်ထုံးလုပ်နည်းများကို အကျွမ်းတဝင်နားလည်၍ မိမိတို့ တာဝန်ယူကြရသည့် လုပ်ငန်းနယ်ပယ်အတွက် ဖြောင့်မတ်သည့် အယူအဆ၊ မှန်ကန်သည့် နည်းလမ်း၊ တိကျသည့် မူဝါဒ၊ စေတနာပါသည့် လက်တွေ့ဆောင်ရွက်မှုတို့ဖြင့် မိမိတို့ ကျွမ်းကျင်ရာပညာရပ်များကို တန်ဖိုးရှိစွာအသုံးပြုပြီး နိုင်ငံအတွက် အလုပ်အကျွေးပြုနိုင်အောင် ဆက်လက်ကြိုးစား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် SRI စနစ် ကောက်စိုက်စက်ပျိုးဗန်း သုတေသနပြု တီထွင်အောင်မြင်ခဲ့သည့် စက်မှုလယ်ယာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးလှိုင်နှင့် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဗဟိုဝန်ထမ်းတက္ကသိုလ် သင်တန်းအသီးသီး၌ စံပြဆုနှင့် စာပေဂုဏ်ထူးဆု၊ စာပေထူးချွန်ဆု၊ သင်တန်းသားစံပြဆုနှင့် အဆင့်(၁)ရရှိသူများ အပါအဝင် ထူးချွန်ဝန်ထမ်း ၃၁ ဦးကိုတို့ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ကြသည်။
စပါးစိုက်ပျိုးထုတ်လုပ်မှုတွင် SRI စနစ်ဖြင့် စိုက်ပျိုးနိုင်သည့် ကောက်စိုက်စက်ကို ဂျပန်နိုင်ငံ Minoru ကုမ္ပဏီမှ တင်သွင်းအသုံးပြုလျက်ရှိပြီး အဆိုပါ ကောက်စိုက်စက်တွင် အသုံးပြုသည့် ပျိုးဗန်းများတွင် ပျိုးထောင်ရာ၌ မျိုးစေ့တစ်စေ့ချင်းအသုံးပြုရန် လိုအပ်သော်လည်း မျိုးစေ့ ၂ စေ့ ၃ စေ့ အသုံးပြုနေရမှုအပေါ် မျိုးစေ့ကုန်ကျမှုလျော့ချနိုင်ရန် စက်မှုလယ်ယာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးလှိုင်က သုတေသနပြု စမ်းသပ်တီထွင် အောင်မြင်ခဲ့သဖြင့် ထူးချွန်ဝန်ထမ်းဆု ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်