နေပြည်တော်  ၃၁  ဇန်နဝါရီ

 

သုတေသနနှင့် ပညာပေးလုပ်ငန်းများ မြှင့်တင်ရေး ဒုတိယအကြိမ် စာတမ်းဖတ်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ ၊ ညွှန်ကြားရေးမှူးများ ၊ တိုင်းဒေသကြီး ပြည်နယ်များမှ တာဝန်ရှိသူများ၊ စာတမ်းရှင်များ ၊ စွန့်ဦးလူငယ်ပညာရှင်အဖွဲ့(YSI) အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပညာရပ်နှင့် ယှဉ်တွဲရပ်တည်ကြရသည့် ပညာရှင်များအတွက် သုတေသနသည် အရေးပါသည့် လုပ်ငန်းရပ်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လုပ်ငန်းခွင်အတွေ့အကြုံနှင့် စဉ်ဆက်မပြတ် လေ့လာသင်ယူမှုကို အခြေခံသည့် သုတေသန လုပ်ငန်းများဆောင်ရွက်ခြင်း၊ ရရှိထားသည့်သုတေသန အတွေ့အကြုံနှင့် ရလဒ်များ မျှဝေပေးခြင်းသည် မိမိတို့ဝန်ကြီးဌာန၏ ရှေ့ပြေးအောင်မြင်မှုများအဖြစ် မှတ်ယူပါကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးနှင့် တောင်သူလယ်သမားများ အကျိုးစီးပွား တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေမည့် သုတေသနများစွာကျန်ရှိနေသေးကြောင်း၊  တောင်သူများကြုံတွေ့ နေရသည့် ပြဿနာများကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ရန် မိမိတို့ပညာရှင်များက ဆက်လက် ကြိုးပမ်းပေးကြစေလိုကြောင်း။

 

ရုပ်ဝတ္ထုတိုးပွားခြင်းထက် အသိပညာတိုးပွားရေးကို ဦးစားပေးဆောင်ရွက်ကြရန် လိုကြောင်း၊ အသိပညာတိုးပွားခြင်းကြောင့် ပြောင်းလဲတိုးတက်လာမှုကို မိမိတို့ တောင်သူများ သတိထားမိစေရန် နည်းပညာပြန့်ပွားရေးနှင့်အတူ အသိပညာတိုးပွားရေးကိုပါ တစ်ပြိုင်တည်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ နည်းပညာသစ်များ လိုက်နာကျင့်သုံးသည့် တောင်သူ၏ အောင်မြင်မှုကို တောင်သူအချင်းချင်း ၊ တောင်သူမှ တောင်သူ(Farmer to Farmer) ဖြန့်ဝေပေးခြင်းအား ဖော်ဆောင်ပေးရန်လိုကြောင်း ဆွေးနွေးပြောကြားကြသည်။

 

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက စာတမ်းဖတ်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ စာတမ်းအမျိုးအစားများနှင့် ဆုရွေးချယ်မှုတို့ကို ရှင်းလင်းတင်ပြပြီး ဆုရရှိသူများကို ကြေညာသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက “မန္တလေးတိုင်းဒေသကြီးတွင် တည်ရှိသော မြေဆီလွှာ အာဟာရဓာတ် အဆင့်အတန်းများအား မြေဆီလွှာစစ်ဆေးချက်တန်ဖိုးများအရ အကဲဖြတ်ခြင်း” စာတမ်းဖြင့် ပထမဆုရရှိသည့် မြေအသုံးချရေးဌာနခွဲမှ ဦးစီးအရာရှိ ဒေါက်တာချိုမာထွေး၊ “Effect of Rain Guarding & Tapping Systems on Natual Rubber Production” စာတမ်းဖြင့် ဒုတိယဆုရရှိသည့် မွန်ပြည်နယ်မှ ဒု-ဦးစီးမှူး ဒေါက်တာ အေးသီတာဝင်း ၊ သက်တမ်းရှည်ကျန်းမာပျော်ရွှင်ဖို့ အစားအစာဘေးကင်းလုံခြုံရေး ဆောင်ရွက်စို့ စာတမ်းဖြင့် တတိယဆု ရရှိသည့် မန္တလေးတိုင်းဒေသကြီးမှ ဒု-ဦးစီးမှူး ဒေါ်စုစုဝေလွင် တို့ကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်များဖြစ်ကြသည့် ဦးကျော်မင်းဦး နှင့် ဦးကျော်ငွေ တို့ကနှစ်သိမ့်ဆု(၅)ဆု ကိုလည်းကောင်း ၊ အထူးဆုများကို စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက လည်းကောင်း ပေးအပ်ချီးမြှင့်ရာ ဆုရရှိသူများ က လက်ခံ ရယူခဲ့ကြသည်။

 

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင် က စာတမ်းရှင်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ရာ စာတမ်းရှင်များကိုယ်စား ဒေါက်တာယဉ်မင်းထွန်း က လက်ခံရယူသည်။

 

သုတေသနနှင့် ပညာပေးလုပ်ငန်းများအား အရှိန်မြှင့်တင်ဆောင်ရွက်လာစေရေး ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားလာစေရေး၊ ဒေသအသီးသီး၌ ဆောင်ရွက်ခဲ့ကြသည့် စမ်းသပ်ကွက်စံပြကွက် သုတေသနလုပ်ငန်း အတွေ့အကြုံများအား ဝန်ထမ်းအချင်းချင်း မျှဝေပေးနိုင်ရေး တို့ကိုရည်ရွယ်၍ ဇန်နဝါရီ ၂၉ရက် မှ ၃၁ ရက်အထိ ကျင်းပခဲ့သည့် သုတေသနနှင့် ပညာပေး လုပ်ငန်းများမြှင့်တင်ရေး ဒုတိယအကြိမ် စာတမ်းဖတ်ပွဲတွင် ၂၀၁၈-၂၀၁၉ ခုနှစ် အတွင်း ဒေသအလိုက် ဆောင်ရွက်ခဲ့သော စမ်းသပ်ကွက်၊ စံပြကွက်များ၌ လက်တွေ့ ဆောင်ရွက်ခဲ့သည့် စိုက်ပျိုးရေးပညာရှင်ဝန်ထမ်းများက လုပ်ငန်းရလဒ်များ၊ သုတေသနလုပ်ငန်းရလဒ်များကို စာတမ်းပြုစုတင်သွင်းဖတ်ကြားကြခြင်းဖြစ်ပြီး ဒုတိယ တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးများ ပါဝင်သည့် စာတမ်းအမှတ်ပေးအဖွဲ့က စိစစ်ရွေးချယ်၍ အကောင်းဆုံး စာတမ်းဆုများပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

 

သတင်းစဉ်