နေပြည်တော် ၂၇ ဇန်နဝါရီ
SRI ကောက်စိုက်စက်(Minoru RX61)ဖြင့် စပါးမျိုးသစ်များ စိုက်ပျိုးသရုပ်ပြပွဲနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ (၁၆) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားများကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ကျင်းပသည်။
ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသနစိုက်ကွင်း၌ SRI ကောက်စိုက်စက် (Minoru RX61)ဖြင့် စပါးမျိုးသစ်များ စိုက်ပျိုးသရုပ်ပြသနေမှုကို ကြည့်ရှုရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက ရေမြေဒေသနှင့် ကိုက်ညီပြီး ရောဂါ ပိုးမွှားဒဏ်ခံနိုင်သည့် အထွက်ကောင်း စပါးမျိုးသစ်များ မွေးမြူထုတ်လုပ်နေမှုများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောင်းလဲ သက်ရောက်လျက်ရှိသည့် ရာသီဥတုနှင့် လိုက်လျောညီထွေသော စပါးမျိုးသစ်များ မွေးမြူ ထုတ်လုပ်ရန်၊ မြေဆီဆိုင်ရာ စီမံခန့်ခွဲမှုကို သုတေသနပြုစုပြီး တောင်သူများ လိုက်နာကျင့်သုံးနိုင်သည့် လက်တွေ့အသုံးချနည်းပညာများ ဖြန့်ဝေပေးရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ (၁၆)နှစ် ပြည့် အထိမ်းအမှတ်အခမ်းအနား သို့ တက်ရောက်ပြီး အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ အပါ အဝင် လယ်ယာကဏ္ဍကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ရာ၌ သုတေသနလုပ်ငန်းသည် အခြေခံအုတ်မြစ် တစ်ခုအဖြစ်ပါဝင်နေပါကြောင်း၊ လယ်ယာ ကဏ္ဍတွင် ကြုံတွေ့ရသည့် ပြဿနာများကို သုတေသနပညာရှင်များ၏ သိပ္ပံနည်းကျစွာဖြင့် စနစ်တကျ အသေးစိတ်စူးစမ်း လေ့လာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သုတေသန ရလဒ် ကောင်းတစ်ခုသည် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ တိုးတက်ရေးကို များစွာ အထောက်အကူပြုနိုင်သဖြင့် ထိရောက်အကျိုးဖြစ်ထွန်းမည့် သုတေသနလုပ်ငန်းများကို အရှိန်အဟုန်မြှင့် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်သွားကြရမည် ဖြစ်ကြောင်း။
ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေးသုတေသနလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရန် ရည်ရွယ်လျက် ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိပြီး သုတေသီ များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်ဖြင့် ပြည်တွင်းပြည်ပ၌ ပညာသင်များ စေလွှတ် ပေးလျက်ရှိကြောင်း၊ သုတေသနစာတမ်းဖတ်ပွဲများ ပုံမှန်ကျင်းပခြင်း၊ သုတေသနဂျာနယ်များ ထုတ်ဝေခြင်း၊ သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းတို့ကို အစဉ်အလာမပျက် တိုးမြှင့်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သုတေသနလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ နှင့် ပူးပေါင်းမှုတိုးမြှင့်ပြီး သုတေသနရလဒ်ကောင်းများ ဖော်ဆောင်သွားကြရန် တိုက်တွန်းပါ ကြောင်း ပြောကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၏ သမိုင်းကြောင်းနှင့် သုတေသနဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သုတေသနထူးချွန်ဆု ရရှိသူများကို ဂုဏ်ပြုဆုများပေးအပ်ကြသည်။
၁၉၅၄ ခုနှစ်တွင် စိုက်ပျိုးရေးသုတေသနဗိမာန် (Agricultural Research Institute - ARI) အမည်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ကြို့ကုန်း၌ စတင်တည်ထောင်ခဲ့ပြီး စပါးသီးနှံမျိုးနှင့် စိုက်ပျိုးထုတ်လုပ်ရေး နည်းပညာဆိုင်ရာ သုတေသနများကို စတင် ဆောင်ရွက်ခဲ့ပြီး ၁၉၇၁ ခုနှစ်တွင် ပျဉ်းမနားမြို့နယ် ရေဆင်းနယ်မြေသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ သည်။ နိုင်ငံတော်၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်လျက် စိုက်ပျိုးရေးသုတေသနကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနအဖြစ် ၂၀ဝ၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် အဆင့်မြှင့်တင်ဖွဲ့စည်းခဲ့ပြီး ယခုနှစ်တွင် ၁၆ နှစ် ပြည့်ပြီ ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုအရ မိုးစပါး ၆၀ ရာခိုင်နှုန်းကျော်နှင့် နွေစပါး ၉၀ ရာခိုင်နှုန်းကျော် တို့တွင် စပါးမျိုးပေါင်း ၃၀ ကျော်သည် စိုက်ပျိုးရေး သုတေသန မှ မွေးမြူထုတ်လုပ်ထားသည့် မျိုးများ ဖြစ်ပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာန အနေဖြင့် စပါး၊ စပ်မျိုးစပါးအပြင် ပြောင်းဖူး၊ စပ်မျိုးပြောင်းဖူး (ရေဆင်းစပ်မျိုး)၊ ဂျုံ၊ နှံစားပြောင်း၊ ဆီထွက်သီးနှံများဖြစ်ကြသည့် မြေပဲ(ဆင်းပဒေသာ)၊ နှမ်း(ဆင်းရတနာ)၊ နေကြာ၊ စပ်မျိုး နေကြာ(ရေဆင်းစပ်မျိုးနေကြာ)နှင့် ပဲမျိုးစုံသီးနှံများ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ၊ ကြံ (DAR မျိုးများ)၊ ဝါနှင့်ဂုန်လျှော်၊ ချဉ်ပေါင်လျှော်သီးနှံများ မျိုးမွေးမြူခြင်း သုတေသမှ သီးနှံမျိုးပေါင်း နှစ်ရာကျော်ကို မွေးမြူထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)