နေပြည်တော် ၂၆ ဒီဇင်ဘာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် စိန်ပန်းကန်အုပ်စု ဖက်ခူးကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းအထောက်အကူပြု ကော်မတီဝင်များ၊ ကျေးရွာရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးစိုးသန်းက ၂၀၁၇ ခုနှစ်မှ စတင်၍ ၂၀၁၉ ခုနှစ် ဇူလိုင်လအထိ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ငါန်းဇွန်၊ ညောင်ဦး၊ ရမည်းသင်း၊ ပျော်ဘွယ်၊ နွားထိုးကြီး မြို့နယ်များတွင် လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် စီမံကိန်းလုပ်ငန်းခွဲများအလိုက် ပြီးစီးအောင်မြင်မှုအခြေ အနေများ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် မြို့နယ် ကျေးရွာများအလိုက် ထောက်ပံ့ငွေရရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဖက်ခူးကျေးရွာ လူထုဗဟိုပြုစီမံကိန်း အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌနှင့် ကျေးရွာရပ်မိရပ်ဖများက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးတက်လုပ်ကိုင်နိုင်ရေး လိုအပ်ချက်များကို တင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းကျေးရွာများအနေဖြင့် လမ်းတံတား၊ လျှပ်စစ်မီး၊ သောက်သုံးရေ စသည်ဖြင့် ဒေသဖွံ့ဖြိုးရေးအခြေခံကောင်းများ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ရာ ဆက်လက်ဆောင်ရွက်ရမည့် အရေးကြီးလုပ်ငန်းမှာ ဒေသနေပြည်သူများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်၊ အလုပ်အကိုင်ကောင်းများ ပေါ်ထွန်းလာရန်၊ တန်ဘိုးမြင့်ထွက်ကုန် များထုတ်လုပ်နိုင်ရန် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း၊ တစ်ဦးကောင်း တစ်ယောက်ကောင်း ဆောင်ရွက်ခြင်းထက် ပူးပေါင်းဆောင်ရွက်သည့် အလေ့အထကို ဖော်ဆောင်သင့်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာအနေဖြင့်လည်း အရည် အသွေးကောင်းသည့် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးဖြစ်ရန် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းတူရာပေါင်းစပ်လုပ်ကိုင်ပြီး ကုန်ထုတ်လုပ်ငန်းအသင်း၊ စိုက်ပျိုးမွေးမြူရေး သမဝါယမအသင်း စသည်ဖြင့် အသင်းအဖွဲ့ဖြင့် ဆောင်ရွက်ပါက အရင်းအနှီး ချေးငွေများရရှိနိုင်မှုအပြင် အခွင့်အလမ်းကောင်းများစွာ ရရှိနိုင်ပါကြောင်း၊ ထုတ်လုပ်မှု ကြီးမားလာသည်နှင့်အမျှ လက်ကားစျေးကွက်သို့ တိုက်ရိုက်ဝင်ရောက်နိုင်သဖြင့် စျေးကွက်အကျိုးအမြတ်ကိုပါ ခံစားကြရမည်ဖြစ်သည့်အတွက် ကျေးရွာသူကျေးရွာသားများ စုစည်းညီညွတ်စွာ ဆောင်ရွက်ကြစေလိုကြောင်း၊ လိုအပ်သည့် နည်းပညာနှင့် အကူအညီများကို  ဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာဦးစီးဌာနများက အားပေးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးရွာသောက်သုံးရေ စက်ရေတွင်း၏ ရေအရည်အသွေး စစ်တမ်းအား ကြည့်ရှုစစ်ဆေးရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် စီမံကိန်းတာဝန်ခံတို့က ရှင်းလင်းတင်ပြကြသည်။

ထိုမှတဆင့်  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နွားထိုးကြီးမြို့နယ်၊ ထန်းဂွတောင် ကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်းနှင့် မြန်မာဆေးမာအူးလ်အွန်ဒုန်စီမံကိန်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးအားပေးပြီး ကိုယ့်အား ကိုယ်ကိုးခြင်း၊ လုံ့လဝီရိယရှိခြင်း၊ စုပေါင်းဆောင်ရွက်တတ်ခြင်းစသည့် ဆေးမာအူးလ်အွန်ဒုန် စိတ်ဓါတ်များကို မိမိတို့ကျေးရွာသူကျေးရွာသားများ ရေရှည်ထိန်းသိမ်းကျင့်သုံးသွားရန် လိုအပ်သကဲ့သို့ အခြား ကျေးရွာများသို့ ပြန့်ပွားကူးစက်သွားစေရန် စံနမူနာပြ ကြိုးပမ်းကြစေလိုကြောင်း၊ ဝင်ငွေတိုးလုပ်ငန်းများနှင့် စုပေါင်းထည့်ဝင်ငွေများကို အခြေခံသည့် မိမိကျေးရွာ ရန်ပုံငွေဖြင့် မိမိကျေးရွာထွက်ကုန်သီးနှံများကို စျေးကောင်းရချိန်အထိ သိုလှောင်ရောင်းချနိုင်မည့် သိုလှောင်ရုံများ တည်ဆောက်အသုံးပြုနိုင်ရေး၊ သီးနှံကြိုတင်ငွေပုံစံဖြင့် အတိုးသက်သာသည့် ချေးငွေထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်ခြင်းတို့ကို တိုးချဲ့ဆောင်ရွက်ပြီး လက်ရှိဖွံ့ဖြိုးမှု အခြေအနေထက်သာလွန်သည့် ကျေးရွာကြီးဖြစ်ပေါ်လာရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။ 

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးရွာဖွံ့ဖြိုးရေး ဆောင်ရွက်ထားရှိမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်