နေပြည်တော် ၂၇ ဒီဇင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်/မွေး/ဆည်ဝန်ကြီး ဦးကမ်ဇာမုံ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ကန့်ဘလူခရိုင်ရှိ ကင်းတပ် ရေထိန်းတမံ နှင့် သဖန်းဆိပ် ရေလှောင်တမံတို့သို့ ရောက်ရှိကြပြီး ဆည်ရေဝင်ရောက်မှု ဆည်တမံများ ကြံ့ခိုင်မှု ရေဝေရေလဲဒေသနှင့် ရေဝပ်ဧရိယာ အခြေအနေများအား ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ စီမံကိန်းရှင်းလင်းဆောင်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်က သဖန်းဆိပ်ရေလှောင်တမံ သမိုင်းကြောင်းနှင့် နှစ်စဉ်ရေဝင်ရောက်မှု၊ ရေပေးဝေနိုင်မှုနှင့် ဒေသ၏ နှစ်စဉ်မိုးရေချိန်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်လင်းက ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ လိုအပ်ချက်များနှင့် သဖန်းဆိပ်ရေလှောင်တမံ တည်ဆောက်စဉ်က စိုက်ပျိုးမြေ များ ဆုံးရှုံးခဲ့ရသော်လည်း အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ခံစားခွင့်မရရှိသေးသည့် ဒေသခံများ ကျန်ရှိနေမှုအပေါ် သင့်တော်သည့် အကူအညီများ ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြဆွေးနွေးသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ၁၉၉၆ ခုနှစ်တွင် စတင်အကောင် အထည်ဖော်ခဲ့သော သဖန်းဆိပ်ရေလှောင်တမံ ဘက်စုံစီမံကိန်း၏ ရေဝပ်ဧရိယာအတွင်း ကျရောက်နေသည့် ကျွန်းလှမြို့အပါအဝင် လယ်မြေယာမြေ စိုက်ပျိုးမြေများအစားထိုး ဖော်ထုတ်ပေးခဲ့သော်လည်း အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ခံစားခွင့်မရရှိသေးသည့် ဒေသခံများကျန်ရှိနေသည်ကို သိရှိရပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်သူများ၏ ထိခိုက်နစ်နာနေရမှုများအား အကောင်းဆုံး ကုစားဖြေရှင်း ပေးနိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ ခံစားခွင့်မရရှိသေးသည့် ဒေသခံများ၏ နစ်နာဆုံးရှုံးနေရမှုဖြစ်စဉ်အား အမြန်ဖြေရှင်းကူညီပေးနိုင်ရေး ကြိုးပမ်းသွားမည်ကြောင်း၊ အလားတူ ပြောင်းလဲသက်ရောက်လာလျက်ရှိသည့် ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် သီးနှံပုံစံပြောင်းလဲရေး၊ မျိုးပြောင်းလဲရေး၊ နည်းပညာ အသုံးပြုနိုင်ရေးတို့အတွက် မိမိတို့ဝန်ကြီးဌာနမှ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒေသနေပြည်သူများအတွက် ရေရှည်အကျိုး ဖြစ်ထွန်းစေနိုင်မည့် စိုက်ပျိုးထုတ်လုပ်မှု ဖြစ်စေရေးအတွက် လိုအပ်သည့် နည်းပညာနှင့် အကူအညီပေးရေး၊ ဥပဒေနှင့်အညီ မြေယာအသုံးပြုခွင့်များ ဆောင်ရွက်ပေးနိုင်ရေး၊ မြေကြီးမြေပုံ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာဌာနများက စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။
သဖန်းဆိပ်ရေလှောင်တမံ ဘက်စုံစီမံကိန်းကို ၁၉၉၆ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး မူလတည်ဆောက်စဉ်က ဝင်ရေ ဧကပေ ၃၅ သိန်း ခန့်မှန်းတွက်ချက်ခဲ့သော်လည်း၂၀၁၅ ခုနှစ်တွင် ဝင်ရေဧကပေ ၇၆ သိန်းကျော် အများဆုံးရှိခဲ့သည်။ ယခု ၂၀၁၉ ခုနှစ်တွင် ဝင်ရေဧကပေ ၉ သိန်းကျော်သာရှိသည့်အတွက် နှစ်ပေါင်း ၂၀ အတွင်း ဝင်ရေအနည်းဆုံးဖြစ်ခဲ့သည်။
သဖန်းဆိပ်ရေလှောင်တမံနှင့် ကင်းတပ်ရေထိန်းတမံ၊ ကာဘိုးရေလွှဲဆည်များ၏ လက်ဝဲ လက်ယာမြောင်းမတော်များ လက်တံမြောင်းများ၊ ရေသောက်မြောင်းများမှတဆင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမြေအများဆုံးတည်ရှိသော မူးမြစ်ဝှမ်း ဒေသဖြစ်သည့် ကန့်ဘလူ၊ ခင်ဦး၊ တန့်ဆည်၊ ရေဦး၊ ရွှေဘို၊ ဝက်လက်၊ ဒီပဲယင်း၊ အရာတော်၊ ဘုတလင်နှင့် စစ်ကိုင်းမြို့နယ်များရှိ စိုက်ပျိုးမြေများအား အကျိုးပြုလျက်ရှိရာ ယခုနှစ်မိုးရာသီ မိုးရွာသွန်းမှုကျဆင်းခဲ့သဖြင့် ဆည်များအတွင်း ရေအဝင်လျော့နည်းခဲ့ရာ စိုက်ပျိုးမြေများအား ရေပေးဝေမှုလျော့ချခဲ့ရခြင်း၊ အချို့ဒေသများ ရေပေးဝေမှု ယာယီရပ်ဆိုင်းထားရခြင်းများရှိခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


