နေပြည်တော် ၅ သြဂုတ်
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော်(ငြိမ်းချမ်းရေးကောင်စီ)မှ စောနေစိုးမြနှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံ၍ တပ်ဖွဲ့ဝင်များ၏ စားဝတ်နေရေး၊ လူမှုရေးနှင့် ပညာရေးဖြည့်ဆည်းပေးနိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ အကူအညီ များ ဆောင်ရွက်ပေးနိုင်ရေးဆွေးနွေးကြသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA သဘောတူစာချုပ်တွင် လက်မှတ် ရေးထိုး၍ နိုင်ငံတော်၏ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(ငြိမ်းချမ်းရေးကောင်စီ)မှ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် မိသားစု များ၏ ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အလုပ်အကိုင်အခွင့် အလမ်းများ ရရှိရေး တို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဥပဒေလုပ်ထုံး လုပ်နည်းများ၊ နိုင်ငံတကာနှင့်ဒေသတွင်း အဖွဲ့အစည်းများ၏ သတ်မှတ် ပြဌာန်းချက်များနှင့်အညီ ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ တပ်ဖွဲ့ဝင်မိသားစုများ၏ စားဝတ်နေရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် တည်ဆဲမြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေနှင့် အညီ တရွတ်ဆွဲသံခွံငါးဖမ်း ရေယာဉ် ၃ စီးအသစ်တည်ဆောက်ခွင့်ပြုပေးခဲ့ပြီး၊ ကော့ကရိတ် မြို့နယ်ရှိ ဝိဇ္ဇာကုန်းကျေးရွာနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကြိမ်ချောင်းကျေးရွာတို့၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ထောက်ပံ့ငွေဖြင့် ကျေးရွာတစ်ရွာလျင် ငွေကျပ်သန်း ၃၀ နှုန်းဖြင့် မြစိမ်းရောင်(အသားကဏ္ဍ)ကျေးရွာထူထောင်ခြင်း၊ နွားမွေးမြူ ရေးဖွံ့ဖြိုးတိုးတက်စေရန် မေထုန်မဲ့သားစပ်လုပ်ငန်းအတွက် နို့စားနွားအေးခဲမျိုးရေခဲချောင်း ၁၃၅ ချောင်း၊ အသားစား နွားအေးခဲမျိုးရေခဲချောင်း ၁၀ချောင်းနှင့် ခိုင်းနွားအေး ခဲမျိုး ရေခဲချောင်း ၁၃၅ ချောင်းတို့ကို ဖြန့်ဖြူးပေးခဲ့သည်။
၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် ငြိမ်းချမ်းရေးအရ ပြန်လည်ဝင်ရောက်လာကြမည့် အိမ်ထောင်စုများအတွက် မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကရင် ပြည်နယ်အစိုးရက ထောက်ပံ့ရန်ပုံ ငွေကျပ် သန်း၅၀ဝ ခွင့်ပြုထားပြီး စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ နည်းပညာ အကူအညီ များနှင့်ငါးသားပေါက်များ ဖြန့်ဖြူးကူညီပေးသွားမည်ဖြစ်ကြောင်းနှင့် မြေယာအသုံးချခြင်း ဆိုင်ရာအတွက် တည်ဆဲဥပဒေများနှင့်အညီ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


