နေပြည်တော် ၁၈ နိုဝင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် ယမန်နေ့နံနက်ပိုင်းက ကော့ကရိတ်မြို့နယ် နော်တယာ ရှိ KNU/KNLA-(PC) ဗဟိုဌာနချုပ်သို့ သွားရောက်ကြပြီး ငြိမ်းချမ်းရေးကောင်စီ အကြီးအကဲများ၊ တပ်ဖွဲ့ဝင် များ၊ ဒေသနေပြည်သူများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ စစ်မှန်သော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပေးနိုင်မည့် အခွင့်အလမ်းများအား ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ငြိမ်းချမ်းရေးကောင်စီ ဒုတိယအကြီးအကဲ ဦးစောဖိုးထော်လေးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က မိမိတို့အစိုးရတာဝန်ယူခဲ့ သည့် ၂၀၁၆ -၂၀၁၇ ခုနှစ်မှ စတင်၍ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်မိသားစုများ၏ စားဝတ်နေရေးကို အထောက်အကူ ဖြစ်စေရန်နှင့် ရေရှည်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ နည်းပညာသင်တန်းများပို့ချပေးခြင်း၊ လိုအပ်သော မျိုးနှင့်သွင်းအားစုများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုခရီးစဉ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် တိုက်ရိုက်သက်ဆိုင်သည့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ မိမိနှင့်အတူ လိုက်ပါခဲ့ကြပါကြောင်း၊ ဒေသ၏ လိုအပ်ချက်အပေါ် ပြည်ထောင်စုရန်ပုံငွေနှင့် ပြည်နယ် ရန်ပုံငွေများမှ ခွင့်ပြုထားသည့် ပမာဏအတွင်းမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါ ရန်ပုံငွေများတွင် မပါဝင်သေးသော်လည်း ဒေသနေပြည်သူများ၏ လတ်တလော လိုအပ်ချက် ရှိနေသည့် အခက်အခဲများကို မိမိတို့ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် “စေတနာမျှဝေခြင်းအစီအစဉ်” မှ ထောက်ပံ့ကူညီပေးသွားမည် ဖြစ်ပါကြောင်း၊ သို့ပါ၍ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် မိသားစုများနှင့် ဒေသနေပြည်သူများ အားလုံးတို့က မိမိတို့ဒေသဖွံ့ဖြိုးရေးနှင့် ထာဝရငြိမ်းချမ်းရေးတို့အတွက် ဆက်လက်ကြိုးပမ်းပေးကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် မိသားစုများကိုယ်စား ဒေါက်တာ နော်ကပေါ်ထူးက လက်ရှိ လုပ်ကိုင်ဆောင်ရွက်နေသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ မြေယာအသုံးပြုမှုအတွက် တရားဝင် ခွင့်ပြုချက် လျောက်ထားနိုင်ရေး၊ စိုက်ပျိုးရေနှင့် သောက်သုံးရေရရှိရေးအတွက် ရှိပြီးရေအရင်းအမြစ်များအား စီမံဆောင်ရွက်ပေးနိုင်ရေး၊ ချောင်းကော မြောင်းကောများ ပြုပြင်ပေးနိုင်ရေးနှင့် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် မိသားစုများ၏ လက်ရှိစားဝတ်နေရေး အခြေအနေများကို လည်းကောင်း၊ ဦးစောစိုးဝင်းက စိုက်ပျိုးမွေးမြူရေး ဆိုင်ရာနည်းပညာ၊ သီးနှံမျိုးနှင့် လိုအပ်ချက်များကိုလည်းကောင်း၊ ဦးစောထဲဒီ က ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကိုလည်းကောင်း ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက စက်မှုလယ်ယာမြေများ ဖော်ထုတ်ပေးနိုင်ရေးအတွက် သင့်တော်သည့် မြေနေရာ ရှာဖွေဖော်ထုတ်ရန် ကူညီဆောင်ရွက်ပေး နိုင်မည့်အခြေအနေများ၊ အချို့သော ကိစ္စရပ်များအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ညှိနှိုင်းပြီး အကူအညီရရှိနိုင်ရေး ကြိုးပမ်းပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်မိသားစုများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပတချောင်းအား ပြန်လည်ဆယ်ယူရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်က ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဦးစားပေးလုပ်ငန်းပိုင်းအလိုက် ဆောင်ရွက်ရေး မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့နယ် နတ်ကျွန်းကျေးရွာ၊ ဖနစ်အင်းနှင့် နောင်ပတုပ်အင်းအနီးတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ စိုက်ပျိုးမြေ စားကျက်မြေများ စနစ်တကျ အသုံးပြုနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
နိုင်ငံတော်၏ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ၌ပူးပေါင်းဆောင်ရွက်လျက် ရှိသည့် KNU/KNLA-(PC) (ထို့ကော်ကိုး)သို့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မွေးမြူရေး လုပ်ငန်းအတွက် ပျားအိမ် အလုံး၅၀၊ မျိုးပွားအုံ အလုံး ၅၀၊ ပျားရည်ထုတ် စက် ၁ လုံး၊ ပျား ဖယောင်းအခြေခံပြား ၂၅၀၊ ပျားသလပ်အချပ် ၂၅၀၊ နွား ဆိတ် ဝက် ၁၀ကောင်စီ၊ ဥစားကြက် အကောင် ၁၀၀၀ ကိုလည်းကောင်း၊ စိုက်ပျိုးရေးလုပ်ငန်း အတွက် မြေဆီလွှာ ဓါတ်ခွဲစစ်ဆေးခြင်း ၄ နေရာ၊ ဝဥ ကျွဲကော ကော်ဖီ နနွင်း ၃ ဧက စီ နှင့် နဂါးမောက် ၁ ဒသမ ၅ ဧက တို့ကို ထောက်ပံ့ ပေးနိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ် တွင် ဆင်းသုခမျိုးစပါးတင်း ၁၅၀၊ ၂၀၁၇ ခုနှစ် တွင် ဆင်းသုခမျိုးစပါးတင်း ၁၀၀၊ ၂၀၁၈ ခုနှစ်တွင် ဆင်းသုခမျိုးစပါးတင်း ၁၀၀ နှင့် ကော်ဖီပျိုးပင် ၄၀၀၀ ကိုလည်းကောင်း နှစ်အလိုက် ဆောင်ရွက်ပေးခဲ့သည်။
နည်းပညာပေးလုပ်ငန်းများအဖြစ် မှိုမျိုးကောင်းမျိုးသန့် ပွားများထုတ်လုပ်နည်း သင်တန်း၊ မြေဆီလွှာနှင့် မြေသြဇာများအကြောင်း နှင့် မြေဆီလွှာထိန်းသိမ်းခြင်းသင်တန်း၊ မိသားစု အိမ်ခြံဝင်းအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်နိုင်မည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုးနည်းပညာဆွေးနွေးပွဲများ၊ ဘက်စုံသီးနှံကာကွယ်ရေးနည်းပညာပေး ဆွေးနွေးပွဲများ၊ ရာသီဥတုနှင့် လိုက်လျောညီထွေသော စိုက်ပျိုးနည်းစနစ်ဆိုင်ရာများ ဆွေးနွေးပွဲများ ၊ GAP ကျင့်စဉ် နှင့် စိုက်ပျိုးနည်း ပညာများ၊ ရိတ်သိမ်းချိန်လွန်နည်းပညာ ဆိုင်ရာဆွေးနွေးပွဲများ ကျင်းပပေးခဲ့ပြီး စိုက်ပျိုးရေးဆိုင်ရာ အသိပညာများဖြန့်ဝေပေးပြီး ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


