နေပြည်တော် ၁၃ မတ်

 

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အမှာစကားပြောကြားပြီး ဗဟိုကော်မတီ အတွင်းရေးမှူး ဦးသက်နိုင်ဦးက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် အကြောင်းအရာများကိုတင်ပြရာ တက်ရောက်လာကြသူများက လုပ်ငန်းတစ်ခုချင်းအလိုက် ဆွေးနွေး ဆုံးဖြတ်ကြသည်။

 

5

 

ယနေ့ကျင်းပသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၂၅) ကြိမ်မြောက် လုပ်ငန်းအစည်းအဝေးတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာသည့် အမှုတွဲများကို စိစစ်ခြင်း၊ ဗဟိုကော်မတီ၏ (၃/၂၀၁၆) အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြန်လည်စိစစ်ရန် အကြောင်းကြားထားခြင်းအပေါ် ပြန်လည်တင်ပြလာသည့် ကိစ္စရပ်များ၊ ဗဟိုကော်မတီ၏ (၂၄/၂၀၂၀) အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြန်လည်စိစစ်တင်ပြရန် ကိစ္စရပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ သဘောထား မှတ်ချက်ပြန်ကြားလာသည့် အမှုတွဲများ စိစစ်တင်ပြခြင်းများ၊ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာခြင်းကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများသည် ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ဃ)ပါ စည်းကမ်းချက်များကို ဖောက်ဖျက်ပြီး၊ ပေးဆောင်ရမည့် မြေခွန်များကို ပေးဆောင်ရန် ပျက်ကွက်မှုကို ဥပဒေပုဒ်မ ၂၁ နှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် စီမံခန့်ခွဲရေးကော်မတီတို့မှ အထူးအဖွဲ့အမည်စာရင်း အဆို ပြုတင်ပြလာ သည့် ကိစ္စရပ်များ၊ ယခင်ဗဟိုအဖွဲ့မှ ခွင့်ပြုထားသည့်မြေလွတ်၊ မြေရိုင်းများကို ပြန်လည် အပ်နှံခွင့်ပြုပါရန် လျှောက်ထားလာခြင်း ကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များတွင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်း အပေါ် ကန့်ကွက်လွှာ တင်သွင်းခြင်းကို စိစစ်ရန် သီးခြားအဖွဲ့ ဖွဲ့စည်းခြင်းကိစ္စရပ်များကို ဆွေးနွေးကြသည်။

 

ထို့ပြင် ယခင်ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်နှင့် ဒေသအာဏာပိုင်ခွင့်ပြုချက်တို့ဖြင့် မြေရယူထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ တပ်ရင်းတပ်ဖွဲ့များ အနေဖြင့် ထိုစဉ်ကာလက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုအဖွဲ့သို့ လည်းကောင်း၊ ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း၌ အဆိုပါ ဥပဒေအရ လည်း ကောင်း၊ လုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့် လျောက်ထားရယူရမည် ဖြစ်သော်လည်း လျောက်ထားရ ယူခဲ့ခြင်းမရှိပါက အဆိုပါမြေပေါ်တွင် မည်မျှပင် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိစေကာမူ  မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစာရင်း၌ ရှိနေသေးသည်ဖြစ်၍ တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်သူများ အနေဖြင့် လျောက်ထားရယူရန် လိုအပ်ကြောင်း သိရသည်။

 

သတင်းစဉ်