နေပြည်တော် ၆ နိုဝင်ဘာ
မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုးမှုအတွက် FAO နှင့် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Xiaojie Fan နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာအစီအစဉ်မူဘောင်(Country Program Framework - CPF) (၂၀၁၇-၂၀၂၂) အရ ဆောင်ရွက်မည့် စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်မီရေးနှင့် အစားအစာ ဘေးကင်းလုံခြုံရေး၊ မြေနှင့် ရေအရင်းအမြစ်များ စီမံခန့်ခွဲရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးဒဏ်ခံရမှု လျော့ပါးရေးအစီအစဉ် ဆောင်ရွက်နေမှု၊ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ၏ ဦးစားပေးအစီအစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက် နေမှုဆိုင်ရာကိစ္စရပ်များ၊ စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေးနှင့် အမယ်စုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးရေး ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံတွင် အာဟာရပြည့်ဝပြီး စားသုံးမှုနည်းပါးသော ဟင်းသီးဟင်းရွက်၊ သီးနှံများ ပိုမိုတိုးမြှင့် စားသုံးရေး၊ ငတ်မွတ်ခေါင်းပါးမှုပပျောက်ရေး တိုးမြှင့်ဆောင်ရွက်နေမှုဆိုင်ရာ ကိစ္စရပ်များ၊ ရာသီဥတု ပြောင်းလဲမှုနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လယ်ယာကဏ္ဍတွင် ကြုံတွေ့ရသည့် အကျိုးဆက်များအပေါ် ကျော်လွှားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆည်မြောင်းကဏ္ဍဖွံ့ဖြိုးရေးနှင့် ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ အသက်မွေးမှုနှင့် လူမှုဘဝ ပြန်လည်ထူထောင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး လုပ်ငန်း စီမံချက်(AAPDRR) အား အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


