နေပြည်တော် ၁၂ ဇန်နဝါရီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ယနေ့နံနက် ၉ နာရီခွဲတွင် အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်ရုံး အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာမြဟန်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ သားငါးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ များ ဆွေးနွေးပြောကြားသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို မူဝါဒနှင့် ရည်မှန်းချက်များ ချမှတ်အကောင် အထည်ဖော် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ အစားအစာ ဘေးကင်းလုံခြုံရေးနှင့် အာဟာရ ပြည့်ဝရေး၊ တိရစ္ဆာန်နှင့် တိရစ္ဆာန် ထွက်ပစ္စည်းများ အရည်အသွေး မြင့်မားစွာ ထုတ်လုပ်နိုင်ရေး၊ ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ဥပဒေကြောင်းဆိုင်ရာ လမ်းညွှန်မှုနှင့် ဦးစီးဦးဆောင်မှု ပြုနိုင်ရေးတို့အတွက် တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (မူကြမ်း)ကို ရေးဆွဲလျက်ရှိရာ ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့ပြီးဖြစ်၍ အမျိုးသား လွှတ်တော်ဥပဒေကြမ်းကော်မတီတွင် အပြီးသတ်ဆွေးနွေးရန် ဆောင်ရွက်လျက်ရှိကြောင်း၊
အသားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် တစ်ပိုင်တစ်နိုင် မွေးမြူရေးနှင့်စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများ၊ မွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် ကျေးလက်နေ လူငယ်များအား မွေးမြူထုတ်လုပ်မှုဆိုင်ရာနှင့် တိရစ္ဆာန်ကူးစက်ရောဂါဆိုင်ရာသင်တန်းများ ပို့ချခြင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်း ဒေသများတွင် အရင်းအနှီး၊ မျိုး၊ နည်းပညာဖြန့်ဖြူးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်အနေဖြင့်လည်း အဆိုပါလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာမြဟန်က မွေးမြူရေး လုပ်ငန်းဆိုင်ရာကဏ္ဍများနှင့်ပတ်သက်၍လည်းကောင်း၊ ဒုတိယဥက္ကဌ(၁) က ကြက်-ငါး တွဲဖက် မွေးမြူခြင်းဆိုင်ရာကိစ္စရပ်နှင့် ပတ်သက်၍လည်းကောင်း၊ ဒုတိယဥက္ကဌ(၂) က မွေးမြူရေး ဆိုင်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်နှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံ မွေးမြူရေး အစာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်း ဒုတိယဥက္ကဌ က မွေးမြူရေး အစာကုန်ကြမ်း ဖြစ်သော ပြောင်းတင်သွင်းခြင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံပျားလုပ်ငန်း အသင်းဥက္ကဌက ပျားရည်တင်ပို့ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်သည် ပြည်တွင်းမွေးမြူထုတ်လုပ်မှုကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်နိုင်ရေး၊ ထုတ်လုပ်မှုစရိတ်လျှော့ချရေး၊ လုပ်ငန်းတိုးချဲ့ရေးအတွက် အခြေခံလိုအပ်ချက် ရရှိရေး၊ နည်းပညာရရှိရေးတို့ကို နိုင်ငံတကာအစိုးရ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက် ဝန်ဆောင်မှု လုပ်ငန်းများကို ကျေးလက်ဒေသများအထိ ရောက်ရှိစေရန် တိရစ္ဆာန်ကျန်းမာရေး လုပ်သားများမူဝါဒကို ရေးဆွဲနိုင်ခဲ့ပြီး၊ ရန်ကုန်နှင့် မန္တလေးဓာတ်ခွဲခန်းများကို နိုင်ငံတကာ အဆင့်မီ ISO 17025:2007 လက်မှတ်ရဓာတ်ခွဲခန်းများ ဖြစ်စေရန် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံ GACC နှင့် တိရစ္ဆာန် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်ကို လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
၂၀၁၉ခုနှစ်၊ စက်တင်ဘာလအထိ ပြည်ပသို့တင်ပို့နိုင်ရန် ကျွဲနွားကောင်ရေ (၅၈၀,ဝ၁၅) ကောင်ကို ကျန်းမာရေး စစ်ဆေးပေးနိုင်ခဲ့သည့်အတွက် အမေရိကန်ဒေါ်လာ သန်း(၅၅၀)ကျော်ကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် ရှာဖွေပေးနိုင်ခဲ့ပြီး မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန်၊ ပြည်တွင်းစားသုံးမှုဖူလုံစေရန်၊ နိုင်ငံတွင်း အရင်းအမြစ်များကို မထိခိုက်စေဘဲ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ပြည်ပသို့ တရားဝင်တင်ပို့နိုင်ရန်နှင့် မွေးမြူရေးလုပ်ငန်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေရန်အတွက် မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနက ပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)