နေပြည်တော် ၁၇   နိုဝင်ဘာ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းက မြဝတီခရိုင်၊ မြဝတီမြို့နယ်ရှိ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ သောင်ရင်းမြစ်ဖြတ်ကျော် မြဝတီနယ်စပ်အမှတ်(၂)ဂိတ်သို့ ရောက်ရှိကြပြီး အပင်နှင့် အပင်ထွက်ပစ္စည်းစစ်ဆေးရေးစခန်း၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း စစ်ဆေးရေးစခန်း၊ ရေထွက်ပစ္စည်းစစ်ဆေးရေးစခန်းများအား ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ အပင်နှင့်အပင်ထွက်ပစ္စည်း စစ်ဆေးရေးစခန်းအား ကြည့်ရှုစစ်ဆေး ရာတင်သွင်းလာမည့် အပင်နှင့် အပင်ထွက်ပစ္စည်းများတွင် ပိုးမွှားရောဂါ ပါဝင်မှု ရှိ မရှိ စစ်ဆေးခြင်း၊ ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ်လိုအပ်သော အမျိုးအစား နှင့် ကန့်သတ်ချက်များအား အပင်ပိုးမွှားကာကွယ်သည့် ဥပဒေနှင့်အညီ ဆောင်ရွက်ထားရှိမှုများကို စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

 

ယင်းနောက် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း စစ်ဆေးရေးစခန်းအား ကြည့်ရှုစစ်ဆေးရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူး ချုပ်ဒေါက်တာရဲထွန်းဝင်း က တိရစ္ဆာန်ကူးစက်ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများနှင့် တင်သွင်းတင်ပို့ ခွင့်ဆိုင်ရာ စိစစ်ရေးလုပ်ငန်းစဉ် ဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်က ရေထွက်ပစ္စည်းများ တင်သွင်းတင်ပို့ခြင်းလုပ်ငန်းများအတွက် လိုအပ်သော စစ်ဆေးဆောင်ရွက်နိုင်ရန် ကြိုတင် ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မကြာမီဖြတ်သန်း အသုံးပြုတော့မည့် သောင်ရင်းမြစ်ဖြတ်ကျော် မြဝတီနယ်စပ်အမှတ်(၂)ဂိတ်ကို နှစ်နိုင်ငံကုန်စည် စီးဆင်းမှု တိုးမြှင့်နိုင်ရေးအတွက် အသစ်တိုးချဲ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်၍ မိမိတို့နှင့်သက်ဆိုင်သည့် တင်သွင်းတင်ပို့ခွင့်ဆိုင်ရာ စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်ဆန်သွက်လက်ရေးနှင့် အတူ စစ်ဆေးကြပ်မတ်မှုအပိုင်းတွင်လည်း  သတ်မှတ်စံနှုန်းများ နှင့်အညီ ဖြစ်စေရေးအထူးဂရုပြု ဆောင်ရွက်ရန်လိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)