နေပြည်တော်  ၁၆   ဒီဇင်ဘာ 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နိုင်ငံခြားချေးငွေစီမံကိန်းများ ဆိုင်ရာ ဦးဆောင်ကော်မတီ အစည်းအဝေး (၄/၂၀၁၉)ကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဦးဆောင်ကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ဆောင်ရွက်ဆဲစီမံကိန်းများ အကောင်အထည်ဖော်ရာ၌ ရန်ပုံငွေကြေးများ ထိရောက်အကျိုးရှိစွာသုံးစွဲရေးနှင့် လုပ်ငန်းလျာထားချက်များအတိုင်း အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလ ပြီးစီးရေးစိစစ်ကြပ်မတ်ရန် လိုအပ်သကဲ့သို့ ညှိနှိုင်းဆဲစီမံကိန်းများနှင့် လုပ်ငန်းများကို  မြန်ဆန်ထိရောက်စွာ ဆောင်ရွက်သွားရန်နှင့် ကြိုတင် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ထားကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ဆောင်ရွက်ဆဲ ချေးငွေစီမံကိန်းများ၏ စီမံကိန်းစတင်သည်မှ နှစ်အလိုက် ငွေကြေးသုံးစွဲခဲ့မှုနှင့် ဌာနအလိုက် ဆောင်ရွက်ဆဲ ချေးငွေစီမံကိန်းများ၏ အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ဦးဆောင်ကော်မတီ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော်က ဖြည့်စွက်ဆွေးနွေးပြီး ဦးဆောင်ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။

၂၀၁၅ - ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဆောင်ရွက်ဆဲ ချေးငွေစီမံကိန်းများတွင် သမဝါ ယမကဏ္ဍ (၃)ခု၊ စိုက်ပျိုးရေးကဏ္ဍ (၈)ခုနှင့် မွေးရေ/ကျေးလက် ကဏ္ဍ(၇)ခု စုစုပေါင်း (၁၈)ခု၊ ညှိနှိုင်းဆဲချေးငွေစီမံကိန်း (၃) ခုတွင် စိုက်ပျိုးရေးဝင်ငွေ တိုးတက်စေရေး စီမံကိန်းအဆင့်(၂)၊ ရင်ဆိုင်တုန့်ပြန်နိုင်စွမ်းအားကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်းနှင့် ဒေသတွင်းအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး(မြို့ရေရရှိရေး) စီမံကိန်းတို့ ပါဝင်ပြီး အထောက်အပံ့စီမံကိန်းများတွင် ဆောင်ရွက်ဆဲ(၁၂၈)ခုနှင့် ညှိနှိုင်းဆဲ (၅၅)ခု စုစုပေါင်း (၁၈၃) ခု ရှိကြောင်း သိရသည်။ 

(သတင်းစဉ်)