ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ၂၂  ဩဂုတ် 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး စိုက်၊ မွေး၊ ဆည် ဝန်ကြီး ဦးအောင်ဇော်နိုင်၊ ညွှန်ကြားရေးမှူးချုပ်များသည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသ ကြီး သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ အင်းရွာတောင်သူလယ်သမား သင်တန်းကျောင်း သို့ ရောက်ရှိကြပြီး အကျိုးဆောင်တောင်သူဖွံ့ဖြိုးတိုးတက်ရေး သင်တန်းအမှတ်စဉ် (၁၅/၂၀၁၉ -၂၀၂၀)တက်ရောက်နေကြသည့် သင်တန်းသူသင်တန်းသားများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းကျောင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ 

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး က လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် တောင်သူများအတွက် အသုံးချနည်းပညာ၊ အသိပညာ ဗဟုသုတများ တိုးမြှင့်ပေး နိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးနစ်နာ ခဲ့ရသည့် လယ်ယာမြေများနှင့်ပတ်သက်၍ စီမံဆောင်ရွက်ပေးနိုင်ရန် တောင်သူလယ်သမားအကျိုး စီးပွားကာကွယ်မြှင့်တင်ရေး ဥပဒေနှင့်အညီ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီအနေဖြင့် ကြိုးပမ်းလျက်ရှိကြောင်း၊ လယ်ယာမြေနှင့် ပတ်သက်၍ တောင်သူလယ်သမားများ ကိုယ်တိုင်စီမံခန့်ခွဲနိုင်သည့်စနစ်၊ တာဝန်ယူ တာဝန်ခံနိုင်သည့် စနစ်များဆောင်ရွက်နိုင်ရေး၊ ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းနိုင်ရေးတို့ကို မျှော်မှန်းပြီး တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေအရ တောင်သူလယ်သမား အသင်းအစုအဖွဲ့များ ဖွဲ့စည်းနိုင်ရေးအတွက် တောင်သူလယ်သမားအဖွဲ့အစည်းဆိုင်ရာ ဥပဒေကိုရေးဆွဲလျက်ရှိပါကြောင်း၊ အားလုံးပါဝင်ပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရေရှည်တည်တံ့သော လယ်ယာကုန်ထုတ်မှုစနစ် ထွန်းကားစေခြင်းဖြင့် စားနပ်ရိက္ခာဖူလုံ၍ အာဟာရပြည့်ဝစေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝမြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန်ဆိုသည့် အချက်ကို မိမိတို့ဝန်ကြီးဌာန၏ မျှော်မှန်းချက်အဖြစ် ထားဆောင်ရွက်မှုအပေါ် သက်ဆိုင်သူ အားလုံးတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍ၊ ကျေးလက်ကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး သင်တန်းသားတစ်ဦးက သင်တန်းတက်ရောက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ 

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က ဟင်းသီးဟင်းရွက်မျိုးစေ့များကိုလည်း ကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများကိုလည်းကောင်း ပေးအပ်ရာ သင်တန်းသူသင်တန်းသား ကိုယ်စားလှယ်က လက်ခံရယူသည်။ 

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် သင်တန်း ဆောင်များ၊ စားရိပ်သာနှင့် မျိုးစေ့သန့်စင်စက်ရုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

 

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့သည် မင်းလှ-စစ်ကွင်း တာဆုံ၌ ကံတင်-ဘီးလင်း ရေသောက်ဧရိယာရှိ တောင်သူများဖြင့် ဖွဲ့စည်းထားသည့် ရေအသုံး ချသူများအဖွဲ့ (Water Utilizer Group-WUG) နှင့်တွေ့ဆုံ၍ တောင်သူများ၏ စိုက်ပျိုး လုပ်ကိုင်နေမှုအခြေအနေများအား မေးမြန်းပြီး အားပေးစကားပြောကြားသည်။ 

 

ထို့နောက် မင်းလှမြို့နယ်၊ ရွှေဝါမြိုင် စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာရေး စခန်း၌ တောင်သူလယ်သမား အဖွဲ့အစည်းများဖြစ်သည့် စိုက်ပျိုးစီးပွားသမဝါယမ အသင်းစုများ၊ ရိတ်သိမ်း ချွေလှေ့စက်ပိုင်ရှင်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းရှင်များ၊ အကျိုးဆောင် တောင်သူများ၊ မျိုးစေ့ထုတ် တောင်သူများနှင့်တွေ့ဆုံရာ တိုင်းဒေသကြီး စိုက်၊ မွေး၊ ဆည်ဝန် ကြီး ဦးအောင်ဇော်နိုင်က ပဲခူးတိုင်းဒေသကြီး၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက်နေမှု များကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က တောင်သူလယ်သမား အခွင့်အရေးကာကွယ် ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ တောင်သူလယ်သမားအသင်း အစုအဖွဲ့များ ဖွဲ့စည်းရေးအတွက် တောင်သူလယ်သမားအဖွဲ့အစည်းဆိုင်ရာ ဥပဒေကို ရေးဆွဲဆောင်ရွက် နေမှု အခြေအနေများကိုလည်းကောင်း၊ ဥပဒေ၏ရည်ရွယ်ချက် အနှစ်သာရနှင့် အကျိုးကျေးဇူး များကိုလည်းကောင်း၊ တောင်သူများဘက်က ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများကိုလည်း ကောင်း ရှင်းလင်းပြောကြားသည်။

 

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီး နှင့် ညွှန်ကြားရေးမှူး ချုပ်တို့က CERP အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ကြေးများကို ပေးအပ်ခဲ့ကြသည်။ ထို့နောက် ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက် အရောင်းစင်တာတွင် ခင်းကျင်းပြသထားသည့် သီးနှံအမယ်စုံအား ကြည့်ရှုအားပေးသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ၊ တိုင်းဒေသကြီးဝန်ကြီး နှင့် အဖွဲ့သည် မင်းလှမြို့ နယ်၊ သဲကောကျေးရွာ၌ Cash For Work စီမံကိန်းလုပ်ငန်း ဆောင်ရွက်ထားမှုများနှင့် ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း (VRFP)ဖြင့် ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ ကြသည်။

 

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ကြို့ပင်ကောက်မြို့၊ မြို့လယ်ချောင်း စိုက်ပျိုး ရေးဆိုင်ရာ လူထုအခြေပြုလေ့လာရေးစခန်းတွင် ဒေသနေ တောင်သူလယ်သမားများ နှင့်တွေ့ ဆုံဆွေးနွေးပြီး CERP စီမံကိန်းအရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများထံ ထောက်ပံ့ငွေနှင့် ငါးမွေးတောင်သူများထံ ငါးသားပေါက်များကို ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီး နှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ပြီး စံနမူနာပြ RS-CS မျိုးစေ့ထုတ်စိုက်ခင်းအား ကြည့်ရှု အားပေးသည်။

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်တွင် ယနေ့အထိ မိုးစပါး ၆၇၃၆၁၂ ဧက ၊ CERP အရ မိုးစပါးမျိုးစေ့ထုတ် ၁၀၂၀၅ ဒသမ ၅ ဧက စိုက်ပျိုးပြီးဖြစ်သည်။

 

ဆက်လက်၍ ပေါင်းတည်မြို့နယ်၊ ကုက္ကိုလ်ကုန်း‌ကျေးရွာ Cash For Work စီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ထားမှုများကို ကြည့်ရှုအားပေးပြီး ဒေသနေ‌ပြည်သူများနှင့် ရင်းနှီးစွာ တွေ့ဆုံအားပေးစကား ပြောကြားသည်။ 

 

ထို့နောက် သပြေကုန်းကျေးရွာ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာရေး စခန်း တွင် တောင်သူလယ်သမားအဖွဲ့ အစည်း ခေါင်းဆောင်များနှင့်လည်းကောင်း၊ RGY-11 လက်ယာ မြောင်း (၁၄၆ မိုင်၇ ဖာလုံ)တွင် ရေအသုံးချသူများအဖွဲ့(WUG) နှင့် တွေ့ဆုံ၍ တောင်သူ လယ်သမား အသင်းအစုအဖွဲ့များ ဖွဲ့စည်းရေး ဆောင်ရွက်နေမှု အခြေအနေများ၊ ကိုဗစ်-၁၉ ဖြတ်ကျော်ကာလ လယ်ယာကုန်ထုတ်လုပ် ငန်းများ ထိခိုက်မှုမဖြစ်ပေါ်စေရေး နှင့် ကိုဗစ်-၁၉ အလွန် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်းသိရသည်။  

 

သတင်းစဉ်