နေပြည်တော်  ၁၀  နိုဝင်ဘာ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် မကွေးတိုင်းဒေသကြီး စိုက်/မွေး/ဆည်ဝန်ကြီး ဦးဝင်းမော်ဌေးနှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ နိုဝင်ဘာ ၉ ရက် မွန်းလွဲပိုင်းတွင် ရေစကြိုမြို့နယ် ကြက်ဆူကျင်းကျေးရွာ သို့ရောက်ရှိကြပြီး ရွှေဟင်္သာကုမ္ပဏီက ထန်းသကြားထုတ် လုပ်ငန်းအတွက် အကြိုလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး ရှင်မတောင်ဒေသအတွက် သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ ဝင်ငွေရ သီးနှံပြောင်းလဲ စိုက်ပျိုးရေးနှင့် အစားအစာ ဘေးကင်းလုံခြုံသော စံချိန်မီ ကုန်ချောထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေစကြိုမြို့နယ် သဲပုံ(အရှေ့ရွာ)တွင် ရန်ကုန်စက်မှု တက္ကသိုလ် ၈၃ ကျောင်းသားဟောင်းများအဖွဲ့၏ စုပေါင်းလှူဒါန်းငွေ၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ လုပ်အားဒါနတို့ဖြင့် ၄ လက်မ စက်ရေတွင်း ရေတင်စက်ရုံနှင့် ရေစုကန်များကို ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက အိမ်ထောင်စု ၁၁၇ စု၊ ကျေးရွာသူ ကျေးရွာသား ၅၈၉ ဦး တို့အတွက် သောက်သုံးရေ ဖူလုံစွာရရှိသုံးစွဲနေမှုကို ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက စက်ရေတွင်းနှင့် ဆက်စပ်အဆောက်အအုံများ ရေရှည်အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်းရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးတို့သည် ရေစကြိုမြို့ ရွှေဟင်္သာ ထန်းမှုန့်စက်ရုံသို့ ရောက်ရှိကြပြီး ထန်းမှုန့်ထုတ်လုပ်နေမှုကို ကြည့်ရှုအားပေးကြသည်။ အော်ဂဲနစ်ထုတ်ကုန်များအား အလေးထားအသုံးပြုလာလျက်ရှိနေသည့် ပြည်ပဈေးကွက်တွင် မြန်မာ့ထန်းထွက်ကုန်တစ်ခုဖြစ်သည့် ထန်းမှုန့်သည် ဈေးကွက်ဝင်လျက်ရှိပြီး နိုင်ငံခြားငွေရှာဖွေရန် အလားအလာကောင်းသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။

 

 

ညနေပိုင်းတွင် တောင်စင် ဆိတ်မွေးမြူရေး စံပြရွာရှိ ပုဂ္ဂလိက သိုး၊ ဆိတ် မွေးမြူရေး ခြံများအား ကြည့်ရှုအားပေးပြီး အောင်ဓမ္မသုခတိုက်ကျောင်း ဓမ္မာရုံတွင် ဒေသခံ သိုး၊ ဆိတ်မွေးမြူရေးတောင်သူများ၊ သိုး၊ ဆိတ်မွေးမြူထုတ်လုပ် ကုမ္ပဏီများနှင့်တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ၊ တောင်သူလယ်သမားအကျိုးစီးပွား ဖြစ်ထွန်းစေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားပြီး အစားအစာ ဘေးကင်းလုံခြုံမှုနှင့် ဈေးကွက်အကျိုးဖြစ်ထွန်း စေရေးအတွက် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် (Good Animal Husbandry Practice – GAHP) လိုက်နာကျင့်သုံးရန်လိုအပ်ချက်များ၊ မြေယာ အသုံးပြုခွင့် အပါအဝင် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ ကုန်ချောအဆင့်အထိ ထုတ်လုပ်မှုလုပ်ငန်းစဉ် အပြည့်အဝ ဆောင်ရွက်သွားနိုင်ရေး ကြိုးပမ်းရန်နှင့်  လုပ်ကွက်ငယ် တောင်သူများနှင့် လုပ်ငန်းရှင်တို့အကြား မျှတသော အကျိုးအမြတ်ခွဲဝေခံစားမှုရှိရန် လိုအပ်ချက်များ၊ အားလုံးပါဝင်ပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရေရှည်တည်တံ့သော လယ်ယာကုန် ထုတ်မှုစနစ် ထွန်းကားလာစေရေးအတွက် တောင်သူများ၊ ကုမ္ပဏီများ ညီညွတ်စွာပူး ပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကိုဆွေးနွေး ပြောကြားသည်။

 

ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းက တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် (GAHP) လိုက်နာကျင့်သုံးရန် လိုအပ်ချက်များကို လည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင် က တစ်ပိုင်တစ်နိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထူထောင် လုပ်ကိုင်ရေးဆိုင်ရာများကိုလည်းကောင်း ရှင်းလင်းပြော ကြားကြပြီး တောင်သူများ၏ လိုအပ်ချက် အခက်အခဲနှင့် သိရှိလိုသည်များ မေးမြန်းတင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြသည်။

 

ထို့နောက် မကွေးတိုင်းဒေသကြီးအတွင်းရှိ သဘာဝဘေးသင့် တောင်သူများအား ကူညီထောက်ပံ့ရန် တိရစ္ဆာန်ကုသဆေးဝါး(၁၂)မျိုးပါ ၂၅၀ ထုပ်ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပေးအပ်ရာ မကွေးတိုင်းဒေသကြီး စိုက်/မွေး/ဆည်ဝန်ကြီး ဦးဝင်းမော်ဌေး က လက်ခံရယူခဲ့ကြောင်း သိရသည်။

 

 

 

(သတင်းစဉ်)