နေပြည်တော် ၁၃ ဇွန် 


တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တာဝန်ခံအဖြစ် ပြောင်းရွေ့တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းများနှင့် တွေ့ဆုံပွဲကို ဇွန် ၁၁ ရက် နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

တွေ့ဆုံပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ သမဝါယမဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနများမှ တိုင်းဒေသကြီး ပြည်နယ်များသို့ တာဝန်ခံအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာန၏  ချမှတ်ဆောင်ရွက်လျက်ရှိသည့် မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ အနာဂတ် မျှော်မှန်းချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ မိမိတို့ တာဝန်ကျရာ ဒေသအစိုးရများ၏ ဖွံ့ဖြိုးရေးဆောင်ရွက်ချက်များတွင် အားသွန်ခွန်စိုက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသသစ် နေရာသစ်များတွင် မိမိဌာန၏ လုပ်ငန်းတာဝန်များကို ဦးဆောင်ကြရမည့်သူများဖြစ်၍ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိနှင့်သက်ဆိုင်သော ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျွမ်းကျင်ပိုင်နိုင်မှုရှိစွာ ကိုင်တွယ်ဆောင်ရွက်ကြရန်လိုကြောင်း၊ သက်ဆိုင်ရာ ဒေသအစိုးရများ၏ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များအပေါ်  အဂတိတရား(၄)ပါး ကင်းစွာဖြင့် အထောက်အပံ့ကောင်း ပေးနိုင်သူများဖြစ်စေရန် ဆောင်ရွက်ကြစေလိုကြောင်း။

 

နိုင်ငံဝန်ထမ်းတစ်ဦးအနေဖြင့် မိမိတို့သက်ဆိုင်ရာ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိမိတို့၏စွမ်းရည်မြင့်မားရေးသည် အဓိကကျသဖြင့် မိမိတစ်ဦးချင်းစီ၏ လုပ်ငန်းကျွမ်းကျင်မှုတိုးတက်ရေး စဉ်ဆက်မပြတ်အားထုတ်သွားကြရန် လိုအပ်သကဲ့သို့  မိမိတို့၏ လက်အောက်ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားစေရေးအတွက်ကိုလည်း စီမံဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ လုပ်ငန်းများ အောင်မြင်စေရန် အစွမ်းကုန်ကြိုးပမ်းအားထုတ်မှုနှင့်အတူ အဂတိတရား ကင်းရှင်းရေးကိုလည်း အထူးဂရုပြုဆောင်ရွက်ခြင်းဖြင့် မိမိဝန်ကြီးဌာနဂုဏ်ကိုဆောင်ကြရန် တိုက်တွန်းပါကြောင်း ဆွေးနွေးပြောကြားသည်။ 

 

သတင်းစဉ်