နေပြည်တော် အောက်တိုဘာ ၂၅

(၁၂)ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများ အဆင့်အစည်းအဝေး (ASEAN Ministerial Meeting on Disaster Management- AMMDM)နှင့် ဆက်စပ်အစည်းအဝေးများကို ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘီဂါဝမ်မြို့၌ အောက် တိုဘာ (၂၃) ရက်မှ (၂၅)ရက်အထိ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။

 

အောက်တိုဘာ ၂၄ ရက်က ကျင်းပသည့် အစည်းအဝေးတွင် ဖိလစ်ပိုင်နိုင်ငံက အာရှပစိဖိတ်ဒေသ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဖိုရမ်ကျင်းပပြီးစီးခဲ့မှု အခြေအနေ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက မြန်မာနိုင်ငံ သို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်နေမှုအခြေအနေ၊ AHA Centre က ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သော ဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက် မျှဝေမှု ကိစ္စရပ်များ၊ အာဆီယံအရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုဌာန (Emergency Operation Center-EOC)နှင့် အာဆီယံ နိုင်ငံများရှိ EOC  များ ချိတ်ဆက်မှုလေ့ကျင့် ဆောင်ရွက်ခဲ့မှု၊ ဖိလစ်ပိုင်နိုင်ငံ၊ မြန်မာနိုင်ငံ အပါအဝင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများသို့ လူသားချင်းစာနာမှု အကူအညီ ထောက်ပံ့ပစ္စည်းများ ပေးပို့နိုင်ခဲ့မှု၊ အာဆီယံ သိုလှောင်ရုံများသို့ ထောက်ပံ့ပစ္စည်းများ ဖြည့်ဆည်းရန် စီမံထားရှိမှုများ၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံ သဘောတူစာချုပ်ပါလုပ်ငန်းများ အကောင်အထည်ဖေါ်ရေးစီမံချက် လုပ်ငန်းအဖွဲ့(၃)ခု၏ အစည်းအဝေးများ၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစီအစဉ်များ ဖေါ်ဆောင်နိုင်မှု၊ ထောက်ပံ့ငွေများ၊ အကူအညီများ ရရှိ/သုံးစွဲမှု၊ ဆောင်ရွက်ရန်လျာထားသည့် စီမံကိန်းများ၊ AHA Centreနှင့် နားလည်မှု စာချွန်လွှာရေးထိုးရန် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး အဖွဲ့ဝင်နိုင်ငံ ဝန်ကြီး များက ဆွေးနွေးအတည်ပြုကြသည်။

 

ထို့နောက် အာဆီယံနှင့် တရုတ်နိုင်ငံ ဘေးအန္တရာယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးကို ကျင်းပပြီး အာဆီယံ-တရုတ် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန ထူထောင်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို တရုတ်နိုင်ငံဖက်ပေးပို့ထားရှိမှု၊ အာဆီယံနှင့် တရုတ် နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် AADMER Work Program အကောင်အထည်ဖေါ်ရေး လုပ်ငန်းစီမံချက် နယ်ပယ်(၂၃)ခု ဆောင် ရွက်နေမှု၊ အာဆီယံ-တရုတ် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေချိတ်ဆက်လျှော့ချရေးမူ ဘောင်ရေးဆွဲနေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

 

ယင်းနောက် အာဆီယံ-ဂျပန် ‌ဘေးအန္တရာယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကို ကျင်းပပြီး အာဆီယံ-ဂျပန် ဘေးအန္တရာယ်စီမံ ခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖေါ် ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းနယ်ပယ်များ၊ ကိုရီးယားနိုင်ငံနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေး သီးခြားစီကျင်းပခဲ့ပြီး အာဆီယံ-ကိုးရီးယား ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်း အစီအစဉ်များအား အကောင်အထည်ဖေါ်ဆောင်ရွက်နေမှု၊ ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့မှုများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်များ၊ ထုတ်ပြန်ကြေညာမည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ပူးတွဲကြေညာ ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးအတည်ပြုခဲ့ကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံသဘောတူ စာချုပ်ပါလုပ်ငန်းများ အကောင်အထည်ဖေါ်ရေးစီမံချက် AADMER Work Program အကောင်အထည် ဖော်နိုင်ရန် အန္ဒိယနိုင်ငံ၊ ဂျာမဏီနိုင်ငံ၊ ဥရောပသမဂ္ဂ တို့နှင့် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲ ကော်မတီကိုယ်စား AHA Centre တို့ နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးသည့် အခမ်းအနားသို့ တက်ရောက်သည်။

 

အဆိုပါအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများဖြစ်သော အာဆီယံသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (၄၅)ကြိမ်မြောက်  အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများကို ဝန်ကြီးများအဆင့် အစည်းအဝေးမတိုင်မီ အောက်တိုဘာလ (၂၀) ရက်နေ့မှ (၂၃)ရက် နေ့အထိ ဘရူနိုင်းနိုင်ငံ၌ပင် ကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့က ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းများ၊  အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများအား ဆွေးနွေးခဲ့ကြ ကြောင်း  သတင်းရရှိသည်။

(သတင်းစဉ်)