နေပြည်တော် ဒီဇင်ဘာ ၅

 

၂၀၂၄ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ဇနီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရမဟုတ်သော အမျိုးသမီးအဖွဲ့အစည်းများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားများကို မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်ကျင်းပလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးအခွင့်အရေး မြှင့်တင်ရေးနှင့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ကင်းဝေးစေရေးအတွက် ကုလသမဂ္ဂမှချမှတ်ထားသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များ၊ ကမ္ဘာ့အမျိုးသမီးညီလာခံနှင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များ၊ လုပ်ငန်းအစီအစဉ်များကို နိုင်ငံတော်အဆင့် မူဝါဒများချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

ယခုနှစ်ဆောင်ပုဒ်မှာ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ဖို့ အားလုံးပေါင်းစု ကြိုးပမ်းလို့ ဘေဂျင်းကြေညာစာတမ်းနှင့် လုပ်ငန်းစီမံချက် နှစ်(၃၀)ပြည့်ဆီ အရောက်လှမ်းစို့” ဖြစ်ပြီး ဆောင်ပုဒ်၏အဓိက အလေးပေးလိုသည့်အချက်မှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု ရပ်တန့်ရန်အတွက် ကျူးလွန်သူကို လုံးဝလွတ်မြောက်ခွင့် မပေးဘဲ ထိရောက်သည့် ပြစ်ဒဏ်ပေးခြင်း၊ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်မပေးခြင်းအပြင် အကြမ်းဖက် ခံရသူအမျိုးသမီးများအတွက် ဥပဒေဖြင့်အကာအကွယ်ရယူရန် တရားရေးဆိုင်ရာ ဝန်ဆောင်မှု၊ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဝန်ဆောင်မှုများ ထောက်ပံ့ပေးခြင်းတို့ကို အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများအပါအဝင် ပြည်သူအားလုံးက ပူးပေါင်းဆောင်ရွက်ကြရန် လှုံ့ဆော်ပေးခြင်းဖြစ်ပါကြောင်း၊ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ Video Clip ကို ပြသခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်