နေပြည်တော် စက်တင်ဘာ ၉

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင်  ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) ၌ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုတစ်ခုဖြစ်သည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု စကားဝိုင်းသို့ တက်ရောက် အဖွင့်အမှာ စကားပြောကြားသည်။

စကားဝိုင်းသို့ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ (ရန်ကုန်) မှ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းစဉ်များ၌ မျိုးဆက်သစ်လူငယ်များ၏ စွမ်းဆောင်ရည် ပြည့်ဝစွာ ပူးပေါင်းပါဝင်မှုသည် အရေးပါသည့်အတွက် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သဘာ၀ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ကို “ Empowering the next generation for a resilient future” “အနာဂတ်မှာ ကြံ့ကြံ့ခံနိုင်ဖို့၊ မျိုးဆက်သစ်တို့ စွမ်းအားမြှင့်တင်စို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း။

တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတို့အနေဖြင့် သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးတွင် ပါဝင်နေသည့် အချက်အလက်များကို သိရှိနားလည်ပြီး ဘေးဒဏ်ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိသော အနာဂတ်တစ်ခု ဖြစ်လာစေရေး ကြိုးပမ်းအားထုတ်မှုတွင် တစ်ထောင့်တစ်နေရာက ပါဝင်လာစေရန် မျိုးဆက်သစ်များကို လက်ကမ်းကြိုဆိုလျက်ရှိကြောင်းနှင့် စကားဝိုင်းအစီအစဉ်ကို တက်ရောက်လာကြသည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သဘာဝဘေးနှင့် သက်ဆိုင်သည့်အသိပညာ၊ ဗဟုသုတများကို လေ့လာဆည်းပူးကြပြီး ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများလျော့ကျသွားရန် တတ်စွမ်းသမျှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သော အနာဂတ်မျိုးဆက်သစ်များ ဖြစ်လာစေရေး ကြိုးစားဆောင်ရွက်ရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ အမျိုးသမီးလေးများ သင်တန်းကျောင်း (မလိခ) သို့ ရောက်ရှိပြီး သင်တန်းကျောင်း၌ အမျိုးသမီးလေးများအား လက်ခံစောင့်ရှောက်ထားရှိမှု၊ သင်တန်းသူလေးများ ဘော်လီဘောအားကစား လေ့ကျင့်နေမှု၊  အိပ်ဆောင်၊ စားရိပ်သာ၊  စာကြည့်တိုက်၊ အခြေခံပညာ မူလတန်းကျောင်း၊ သက်မွေးသင်တန်းများဖြစ်သည့်  စက်ချုပ်၊ လက်ကောက်၊ ဆွဲကြိုး၊ ပုတီးများပြုလုပ်ခြင်းနှင့် ဆံပင်အလှပြင်လေ့ကျင့်နေမှုများကို  လှည့်လည်ကြည့်ရှုသည်။

အဆိုပါ ကျောင်းတွင် Grade I မှ တက္ကသိုလ်အထိ  အတန်းပညာသင်ကြားနေသူ (၈၅) ဦး၊ ပြင်ပတွင် အလုပ်လုပ်ကိုင်နေသာ အမျိုးသမီး (၁၃) ဦး၊ ကျောင်းတွင်းသက်မွေးပညာသင်ကြားမှုခံ ယူနေသူ (၃၀) စုစုပေါင်း (၁၂၈) ဦးကို လက်ခံစောင့်ရှောက်ပေးလျက်ရှိသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဗဟန်းမြို့နယ်ရှိ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်း၌ ကျောင်းအုပ်၊ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး စောင့်ရှောက်ထားသော အမျိုးသမီးများကို အကျင့်စာရိတ္တ ပြုပြင်ပေးခြင်းအပြင် ဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာများ၊ ကျန်းမာရေးဆိုင်ရာ အသိပညာ ဗဟုသုတများကို သက်ဆိုင်ရာ ကဏ္ဍအလိုက်ပညာရှင်များ ဖိတ်ခေါ်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ပေးရန်နှင့် သင်တန်းသူများနေရပ်ပြန်ပါက ပြန်လည်အသုံးချနိုင်မည့် ထိရောက်သည့် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးရန်မှာကြားကာ သက်မွေးသင်တန်းအခန်း၊ အိပ်ဆောင်၊ စားဖိုဆောင်နှင့် ထမင်းစားခန်းတို့ကို လှည့်လည်ကြည့်ရှုသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြစ်မှုရင်ဆိုင်ဆဲ ကျောင်းသူများ၊ အကြမ်းဖက်ခံရသော အမျိုးသမီးများအား တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့်စင်တာ (One Stop Women Support Center-OSWSC) မှ အမျိုးသမီးများနှင့် ဝန်ထမ်းများကို ရင်းရင်းနှီးနှီးနှုတ်ဆက်၍ အားပေးစကား ပြောကြားသည်။

ရန်ကုန်အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းတွင် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သည့် ပြစ်မှုရင်ဆိုင်ဆဲ ကျောင်းသူ (၁၂) ဦး၊ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် အုပ်ထိန်းသူမဲ့ ကျောင်းသူ (၂၂) ဦး၊ OSWSC တွင် (၁၀) ဦး  စုစုပေါင်းကျောင်းသူ (၄၄) ဦးကို စောင့်ရှောက်လေ့ကျင့်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်