နေပြည်တော်  ဩဂုတ် ၁၄

 

လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) အစိတ်အပိုင်းတစ်ခုဖြစ်သော ဖြစ်ရပ်စီမံခန့်ခွဲမှု သတင်းအချက် အလက်စနစ် (Case Management Information System-CMIS) Software Digital Platform ကို အသုံးပြု၍ “CMIS Database Training လက်တွေ့အသုံးပြုခြင်း” သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော်သတင်းနည်း ပညာဌာနမှ  တာဝန်ရှိသူ များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုစနစ်ဖြင့် ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ကလေးသူငယ်များ၊ လူကုန် ကူးခံရသော ကလေးသူငယ်များ၊ ဥပဒေနှင့်ငြိစွန်းလျက်ရှိသော ကလေးသူငယ်များ၊ ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ အလွဲသုံးခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်းခံရသော ကလေး သူငယ်များ၊ လူကုန်ကူးခံရသော ကလေးသူငယ်များအပါအဝင် အထူးစောင့်ရှောက်ရန် လိုအပ်သော  ကလေးသူငယ်များ၏ အချက်အလက်များကိုSMIS စနစ်ဖြင့် လက်တွေ့အသုံးပြုနိုင်ရန်အတွက် တပ်မတော် သတင်းနည်းပညာဌာနမှ နည်းပညာအကူ အညီပေး၍ရေးဆွဲခဲ့ရာ Case Management Program ရေးဆွဲ ဆောင်ရွက်မှု (၉၀ ရာခိုင်နှုန်း)နှင့် CMIS Software Digital Platform အသုံးပြုမှု (၉၀ ရာခိုင်နှုန်း)  ရေးဆွဲပြီးစီးပြီးဖြစ်ပါကြောင်း၊ SMIS Software ဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပြည်သူသို့ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများပိုမိုကောင်းမွန် ထိရောက်လာစေခြင်း၊ သတင်းအချက် အလက်များ ပိုမိုလုံခြုံစိတ်ချရခြင်း၊ ထိန်းသိမ်းထားနိုင်ခြင်း၊ စီမံခန့်ခွဲနိုင်ခြင်းကဲ့သို့သော အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

 

အဆိုပါသင်တန်းသို့ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သင်တန်းသား သင်တန်းသူ (၇၀)  တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ဩဂုတ် ၁၄ ရက်မှ ၁၈ ရက်အထိ ၅ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)