နေပြည်တော် ဩဂုတ် ၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာစိုးဝင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် ယနေ့ နံနက်ပိုင်းတွင် သာပေါင်းမြိုသို့ သွားရောက်ခဲ့ပြီး အမှတ်(၃) ရပ်ကွက်၊ ဝိသုဒ္ဓါရာမ မြို့မမင်းကျောင်း ဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် ရေဘေးရှောင်စခန်း၌ သာပေါင်းမြို့နယ် အတွင်းရှိ ရေဘေး ရှောင်စခန်း (၁၈) ခုမှ ဘေးသင့်ပြည်သူ (၈၉၄) ဦးအတွက် ဆန်ရိက္ခာဖိုး ငွေကျပ် (၈,၀၄၆,၀၀ဝ)နှင့် မြို့ပေါ်ရေဘေးရှောင် စခန်းများမှ ဘေးသင့်ပြည်သူ (၂၅၄) ဦးအတွက် ကြက်ဥ (၁၀၁၆) လုံးကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆန်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာနှင့် ရေသန့်တို့ကိုလည်းကောင်း ထောက်ပံ့ပေးအပ်၍ ဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကျန်းမာရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးတို့ကို အထူးဂရုပြုနေထိုင်ကြရန်တို့ကို မှာကြားပြီး မြို့မမင်းကျောင်းဆရာတော်အား ဖူးမျှော်၍ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ယင်းနောက် ပုသိမ်မြို့၊ သမိုင်းဝင် တာဝတိံသာဘုရားကြီးဝန်းအတွင်း ဖွင့်လှစ်ထားသည့် ရေဘေးရှောင်စခန်း၌ မြို့နယ်အတွင်းရှိ ရေဘေးရှောင်စခန်း (၁၇) ခုမှ ဘေးသင့်ပြည်သူ (၉၉၄) ဦး အတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၈,၉၄၆,၀၀ဝ) နှင့် မြို့ပေါ်ရေဘေးရှောင်စခန်းမှ ဘေးသင့်ပြည်သူ (၁၅၂) ဦး အတွက် ကြက်ဥ (၆၀၈) လုံးကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာနှင့် ရေသန့်တို့ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး နေ့စဉ်လူနေမှု ဘဝ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် လိုအပ်ချက်များကို မေးမြန်းအားပေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရွှေပုသိမ်ဧည့်ရိပ်သာ၌ ပုသိမ်မြို့နယ်၊ ကန်ကြီးထောင့် မြို့နယ်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းမြို့များအတွင်းရှိ အခြားသော ရေဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူများသို့ ထပ်မံထောက်ပံ့ရန် ဆန်ရိက္ခာဖိုးငွေကျပ် (၅၈,၉၅၉,၀၀ဝ) နှင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်းသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာ ပြည်သူများကို နိုင်ငံတော် အကြီးအကဲ၏ အစီအမံဖြင့် ထောက်ပံ့သည့် ငွေကျပ် (၁,၅၂၂၀,၀၀၀) တန်ဖိုးရှိ Smart ကျား/မရှပ် အင်္ကျီအထည် (၁၀၀၀) ကို တိုင်းဒေသကြီးဝန်ကြီးချုပ်သို့ လွှဲပြောင်းပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သာသနာ့ ဗိမာန်သိမ်တော်ကြီးသို့ ရောက်ရှိပြီး ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံကာ မြို့နယ်အတွင်းရှိ ရေဘေးရှောင်စခန်း (၄၁) ခုမှ ဘေးသင့်ပြည်သူ (၆၉၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၆,၂၈၂,၀၀ဝ) နှင့် ကြက်ဥ (၂၇၉၂) လုံးကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆန်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာနှင့် ရေသန့်တို့ကိုလည်းကောင်း ထောက်ပံ့ပေးအပ်၍ နှစ်စဉ်တွေ့ကြုံခံစားနေရသော ရေဘေး အန္တရာယ်နှင့် စပ်လျဉ်း၍ နောင်နှစ်များတွင် ခံစားရမှုလျော့နည်း သက်သာစေရေးအတွက် နိုင်ငံတော်အစိုးရ၊ ပြည်သူလူထု၊ စေတနာရှင်များ စသည်ဖြင့် အားလုံးဝိုင်းဝန်းဆောင်ရွက်ခြင်းဖြင့် ဘေ အန္တရာယ်များမှ ကြံ့ကြံ့ခံနိုင်သော ရပ်ရွာလူထုများ ဖြစ်ပေါ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်မှုများကို ရှင်းလင်းပြောကြားကာ လိုအပ်သည်များမေးမြန်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခု၂၀၂၄ ခုနှစ်၊ မုတ်သုန်ကာလ ရေဘေးသင့်ပြည်သူ များအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ထောက်ပံ့မှု စုစုပေါင်းမှာ ငွေကျပ်သိန်း (၁၅၀၀) ကျော်နှင့် နေရပ်စွန့်ခွာသူများအတွက် ငွေကျပ်သိန်း (၁၅၀) ကျော် တို့ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


