နေပြည်တော် နေပြည်တော် ၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနမှ ကျင်းပသည့် Gender/ CEDAW/ NSPAW/ AGMSF/ UNSCR 1325 အသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနတို့အောက်ရှိ ဦးစီးဌာနတို့မှ သင်တန်းသား၊ သင်တန်းသူ(၃၆)ဦး  တက်ရောက်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ကမ္ဘာတစ်ဝန်းလုံး တွင် ဆောင်ရွက်နေကြသည့် ကျား၊မ တန်းတူညီမျှရေးနှင့် အမျိုးသမီး အခွင့်အရေးများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံက ပါဝင် ဆောင်ရွက်နေသည့် Gender/ CEDAW/ NSPAW/ AGMSF/ UNSCR 1325 လုပ်ငန်းစဉ်များကို သိရှိစေရန်နှင့် မိမိတို့ဌာနက ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂက ချမှတ်ထားသည့် Sustainable Development Goals  စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်တိုင်အမှတ်(၅)ကို အကောင်အ ထည်ဖော်ဆောင်ရွက်နေခြင်းလည်း ဖြစ်ကြောင်း၊ ကျား၊ မ ရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ကဏ္ဍစုံတွင် ပါဝင်ဆောင်ရွက်စေရန်နှင့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအကြား အမျိုးသမီးများ၏ အခွင့်အရေးများကို ချိတ်ဆက်မှု ကောင်းကောင်းဖြင့်  ပိုမိုမြှင့်တင်ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းသားများ အနေဖြင့်လည်း သင်တန်းမှရရှိသည့် ဗဟုသုတများနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနအသီးသီးမှ ချမှတ်ဆောင်ရွက်လျက်ရှိသည့် မူဝါဒ၊ မဟာဗျူဟာ၊ ပင်မလုပ်ငန်းအစီအစဉ်များနှင့် စီမံကိန်းများတွင် ကျား၊ မ ရေးရာကို စနစ်တကျ ထည့်သွင်းစဉ်းစားရေးဆွဲကြရန်၊  သင်တန်းတွင် တက်တက်ကြွကြွပါဝင် ဆွေးနွေးသွားကြစေလိုကြောင်းနှင့် ယခုဖွင့်လှစ်သော သင်တန်းမှရရှိသည့် ဗဟုသုတ၊ အသိပညာများကို လက်တွေ့လုပ်ငန်းခွင်တွင်  အသုံးချသွားကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။ 

ဆက်လက်၍ သင်ခန်းစာများ ရှင်းလင်းဆွေးနွေးခြင်း၊ အပြန်အလှန်မေးမြန်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး သင်တန်းကို(၂)ရက်တာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်