နေပြည်တော်၊ ဒီဇင်ဘာ ၁၁

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ထောက်ကြံ့အမျိုးသမီးလေးများ သင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းသူများအား ကျောင်းပညာနှင့် အသက်မွေး ဝမ်းကျောင်း ပညာများသင်ကြားပေးနေမှုကို ကြည့်ရှုစစ်ဆေးကာ ဘဝလမ်းကြောင်းကို အသိပညာ၊ အတတ်ပညာ၊ စဉ်းစားတွေးခေါ်တတ်မှုတို့ဖြင့် လျှောက်လှမ်းနိုင်ရေး ကြိုစားလေ့လာသင်ယူကြရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး ‌ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး  သတ်မှတ် စံချိန်စံညွှန်းများအတိုင်း ဆောက်လုပ်နိုင်ရေးနှင့် အဆောက်အဦးပြီးစီးပါက အမြန်ဆုံး ပြောင်းရွှေ့ ဖွင့်လှစ်နိုင်ရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဟင်္သာတမြို့၊ ဖောင်ဆိပ်ကျေးရွာတွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရံပုံငွေဖြင့် ဆောက်လုပ်နေသော ဘေးဒဏ်ခံ စာသင်ကျောင်း (School cum Shelter) တည်ဆောက်မှုကို ကြည့်ရှုစစ်ဆေးပြီး သာမန်အချိန်တွင် စာသင်ကျောင်းအဖြစ် အသုံးပြုပြီး ဘေးအန္တရာယ်ကျရောက်ချိန်တွင် ခိုလှုံရာနေရာအဖြစ် အသုံးပြုခြင်းဖြင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာစေရေး နိုင်ငံတော်အကြီးအကဲနှင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌတို့က ခွင့်ပြုချထားပေးခြင်းဖြစ်၍ တည်ဆောက်မှုပိုင်းတွင် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း တိကျစွာဆောက်လုပ်ရန်နှင့် စနစ်တကျ ထိန်းသိမ်းအသုံးပြုရန် မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဟင်္သာတခရိုင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံသို့သွားရောက်ပြီး ကယ်ဆယ်ထောက်ပံ့မှု လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မီးဘေးအန္တရာယ် သတိပြု၍ လိုအပ်သော မီးငြိမ်းသတ်ရေးပစ္စည်းများ ဖြည့်တင်းထားရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ဟင်္သာတမြို့၊ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်း၌ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ရုံးများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များ၊ လက်ရှိကြုံတွေ့နေရသော နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများကို ထပ်ဆင့်ရှင်းလင်း ပြောကြားပြီး  ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

သတင်းစဉ်