နေပြည်တော်၊ ဧပြီ ၂၆
မန္တလေးမြေငလျင်ကြီးကြောင့် နေပြည်တော်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ ဥပ္ပါတသန္တိ (တပေါင်းကွင်း)၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ငလျင် ဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ငလျင်ဖြစ်ပေါ်လာရသည့် အခြေအနေ၊ အင်အားပြင်းထန်သည့် ငလျင် လှုပ်ခတ်မှုကြောင့် ပြည်သူများနှင့် ဝန်ထမ်းများ ထိခိုက်ဆုံးရှုံးမှုရှိခဲ့ကြောင်း၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့မှုများနှင့်ပတ်သက်၍လည်း အဆောက်အဦပျက်စီးမှုများအပေါ် မူတည်ပြီး နိုင်ငံတော်မှ ထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထိခိုက်ဒဏ်ရာရရှိသည့် လူနာများအား ယာယီဆေးရုံများ ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ငလျင်ဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများတွင် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သွားရောက်ကြီးကြပ်ပြီး အမြန်ဆုံး ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထောက်ပံ့သည့် သေဆုံးသူတစ်ဦးလျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့် ၁၉၉ ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၅၉၇၀၀၀၀၀ (ငါးရာကိုးဆယ့် ခုနှစ်သိန်းကျပ်တိတိ) ကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နိုင်ငံတော်မှထောက်ပံ့သည့် သေဆုံးသူတစ်ဦးလျှင် ငွေကျပ် ဆယ်သိန်း နှုန်းဖြင့် ၁၉၉ ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် ၁၉၉၀၀၀၀၀၀ (တစ်ထောင့်ကိုးရာကိုး ဆယ်သိန်းကျပ် တိတိ)ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က မန္တလေးမြေငလျင်ကြီးကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် ဇမ္ဗူသီရိမြို့နယ်မှ သေဆုံးသူများ၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)