နေပြည်တော် နိုဝင်ဘာ ၂၁
မသန်စွမ်းသူမှတ်ပုံတင်လက်မှတ် ရရှိပြီးသူများအား မသန်စွမ်းထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပသည်။
ဉီးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ယခု(၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်အတွင်း မြို့နယ်(၁၀) မြို့နယ်တွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မသန်စွမ်းမှုအမျိုးအစား၊ မသန်စွမ်းမှုအဆင့်နှင့် မသန်စွမ်းသူအရေအတွက် စသည့်မသန်စွမ်း သူများနှင့် ပတ်သက်သည့် အချက်အလက် (Statistic)များ ရရှိဖော်ထုတ်နိုင်ခြင်းဖြင့် မသန်စွမ်းသူများ အတွက် နိုင်ငံတော်၏မူဝါဒများ ချမှတ်၊ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် များစွာအထောက် အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက ်နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မသန်စွမ်း သူများအသင်းဥက္ကဋ္ဌ ဒေါ်ခင်သီတာထွန်းတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်နှင့် ညွှန်ကြားရေးမှူးချုပ်များက ဥတ္တရသီရိ မြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် မသန်စွမ်းကိုယ်စားလှယ်များကို မသန်စွမ်းသူ မှတ်ပုံတင်လက်မှတ်နှင့် မသန်စွမ်းထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြသည်။
ဥတ္တရသီရိမြို့နယ်မှ မသန်စွမ်းသူ (၁၆၄) ဦးနှင့် ဇမ္ဗူသီရိမြို့နယ်မှ မသန်စွမ်းသူ (၈၉) ဦး စုစုပေါင်း မသန်စွမ်းသူ (၂၅၃) ဦးတို့ကို မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်နှင့် မသန်စွမ်းထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင်ကျပ်သုံးသောင်းနှုန်းဖြင့် ငွေကျပ်စုစုပေါင်း (ခုနှစ်ဆယ့် ငါးသိန်းကိုးသောင်း)အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းနှင့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီမှ ယနေ့အထိ မသန်စွမ်းသူ (၃၉,၂၆၈) ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်းငွေကျပ် (၁,၂၁၂ ဒသမ၂၂၅) သန်းထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်သည်။
မွန်းလွဲပိုင်းတွင် မိုခါမုန်တိုင်းဘေးသင့်ဒေသများအတွက် အလှူငွေများလွှဲပြောင်း ပေးအပ်ခြင်းအခမ်း အနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်း အဝေးခန်းမတွင် ကျင်းပသည်။
အခန်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးက နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့် မိုခါမုန်တိုင်းသင့်ဒေသများအတွက် နိုင်ငံတကာအလှူရှင်များ၏ လှူဒါန်းငွေများကို လာရောက် လွှဲပြောင်းပေးအပ်လျက်ရှိရာ ယခုသည် တတိယအကြိမ်မြောက်ဖြစ်ပါကြောင်း၊ ယခုလှူဒါန်းမှုတွင် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံက အမေရိကန် ဒေါ်လာ ၅ သောင်း၊ ကိုးရီးယားသမ္မတနိုင်ငံမှ Mr. Ahn Jae Young က အမေရိကန် ၇၃၈ ဒေါ်လာနှင့် စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများက အမေရိကန်ဒေါ်လာ ၆၀၀ တို့ ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက မိုခါမုန်တိုင်းအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ပြည်တွင်း/ပြည်ပအလှူရှင် များ၏ လှူဒါန်းရရှိငွေမှာ မြန်မာငွေကျပ် (၃၃ ဒသမ၂၆၄) ဘီလီယံနှင့် အမေရိကန်ဒေါ်လာ (၈၄၅၆၁၉ ဒသမ ၄၃) တို့ဖြစ်ပါကြောင်း၊ မိုခါအရေးပေါ်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ယနေ့အထိ ငွေကျပ် (၆၈ ဒသမ ၇၄၃)ဘီလီယံ သုံးစွဲခဲ့ပါကြောင်း၊ ယခုလာရောက်လှူဒါန်းငွေ များကိုလည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေသို့ထည့်သွင်းပြီး လိုအပ်သည့် နေရာများတွင် စနစ်တကျသုံးစွဲ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အလှူရှင်များနှင့်ကိုယ်စား လာရောက်လှူဒါန်းသည့် နိုင်ငံခြားရေးဝန်ကြီးဌာနကို ကျေးဇူးတင်ပါကြောင်းနှင့် လေးစားစွာမှတ်တမ်း တင်အပ်ပါကြောင်း ပြောကြား၍ အလှူငွေများကိုလက်ခံပြီး ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများတွင် နေ့ကလေး ထိန်းဌာနများဖွင့်လှစ်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်သော အသက်(၆)လမှ (၃)နှစ်အရွယ် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း၏ သင်တန်းဆင်းပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ရာသင်တန်းသူများကိုယ်စား သင်တန်းသူ(၁)ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် သင်တန်းသူများက ကလေးသူငယ်ဖွံ့ဖြိုးရေးအသိပညာပေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းသူများ၏ လက်မှုပစ္စည်းများကို လှည့်လည်ကြည့်ရှု ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)