နေပြည်တော်     ဒီဇင်ဘာ ၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur ဦးဆောင်သောအဖွဲ့ကို ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ 
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား နားလည်မှုစာချွန်လွှာ (MoU) အရ ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို ပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် MoU အရ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်ခဲ့သည့် ဒုတိယနှစ်စီမံကိန်း (၂) ခု လုပ်ငန်းစတင်လည်ပတ်ခြင်းအစီအစဉ်ကို Hybrid စနစ်ဖြင့် ဆက်လက်ဆောင်ရွက်ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က Online မှ တက်ရောက်သည်။
ဉီးစွာ ပြည်ထောင်စုဝန်ကြီးက အိန္ဒိယနိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ဖွံ့ဖြိုးမှု အကူအညီ စီမံကိန်းပူးပေါင်းဆောင်ရွက်မှု လက်ရှိအခြေအနေများ၊ လူသားချင်းစာနာမှု အကူအညီပေးအပ်ခဲ့မှု အခြေအနေများနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် အိန္ဒိယနိုင်ငံမှ ပညာသင်ဆုပေးအပ်ခဲ့မှုအခြေအနေ၊ အကျိုးကျေးဇူးများနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက ဖွံ့ဖြိုးမှုစီမံကိန်းလက်ရှိ အခြေအနေများကို ဆွေးနွေးပြောကြားသည်။ 
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ငန်း) က MoU အရ ဆောင်ရွက်လျက်ရှိသည့် ဒုတိယနှစ်စီမံကိန်း လုပ်ငန်း များ၏ အခြေအနေနှင့် လုပ်ငန်းစတင်လည်ပတ်သည့် စီမံကိန်း (၂) ခုဖြစ်သော ပြည်သူ့ဆေးရုံတွင် အမှိုက်မီးရှို့စက် တည်ဆောက်ခြင်းနှင့် ရေပေးဝေခြင်းစီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး စီမံကိန်းဆောင်ရွက်ပြီးစီးမှု မှတ်တမ်းကို ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်