နေပြည်တော် စက်တင်ဘာ ၂၀

နေပြည်တော်အတွင်းရှိ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် ထိခိုက်လွယ်အုပ်စုများသို့ ထောက်ပံ့ကြေး ပေးအပ်ခြင်း အခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်၌ ကျင်းပသည်။

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် နေပြည်တော် အတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွား (၄၉၂၂) ဦးကို  ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ တည်ထောင်ခွင့်ပြုမိန့် ရရှိပြီးသော ဂေဟာရိပ်သာ (၁၆) ခု၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၅၄) ကျောင်း နှင့် ထိခိုက်လွယ် အုပ်စုဝင်လူဦးရေ (၁၀၅) ဦးအတွက် ထောက်ပံ့ကြေးများ ပေးအပ်မည်ဖြစ်ပြီး နိုင်ငံတော်၏ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပြည်သူလူထုအားလုံးက  ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။ 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ကျေးဇူးတင် စကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး က အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ ထိခိုက်လွယ်အုပ်စုများအတွက် ထောက်ပံ့ကြေး ငွေကျပ်  (၄၂၁ ဒသမ ၉၅) သန်းကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ထံ ပေးအပ်သည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဌနှင့် တာဝန်ရှိသူများက  ဂေဟာနှင့် ရိပ်သာတာဝန်ခံများထံ ထောက်ပံ့ကြေးများပေးအပ်ပြီး ဂေဟာနှင့် ရိပ်သာများကိုယ်စား စမတောင် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ ဂေဟာမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံ သံရုံး ယာယီတာဝန်ခံ Dr. Rashid Abdulla AL-Kuwari ဦးဆောင်သောအဖွဲ့ အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

mdn

 

တွေ့ဆုံစဉ် မိုခါဆိုင်ကလုန်းမုန်တိုင်းသင့်ဒေသများအတွက် အာဆီယံနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများမှ စာနာမှုအကူအညီများပေးအပ်ခဲ့မှု၊ မုန်တိုင်းကြောင့် ပျက်စီးခဲ့သော ဆေးရုံ၊ ကျောင်းအဆောက်အဦများနှင့် ဆက်သွယ်ရေး ကွန်ရက်များအား ရာခိုင်နှုန်းပြည့် နီးပါး ပြုပြင်ပြီးစီးမှုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်ရှိနေသော ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးအတွက် အခြေခံလိုအပ်ချက်များကို မြန်မာနိုင်ငံ ဘက်မှ ကြိုတင်ပြင်ဆင်ထားရှိမှု၊ ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယ-မြန်မာ နားလည်မှု စာချွန်လွှာ၏ ပထမအဆင့်အနေဖြင့် နေအိမ်အလုံး (၂၅၀) ဆောက်လုပ်ပြီးစီးမှုနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၂)၊  ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ မြန်မာနိုင်ငံ အခြေစိုက်သံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ ရခိုင်ပြည်နယ်သို့ လေ့လာရေးခရီးစဉ် သွားရောက်ခဲ့မှု၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သူများအား ပြန်လည်လက်ခံရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ပါဝင်ကူညီဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
 
သတင်းစဉ်