နေပြည်တော်၊ နိုဝင်ဘာ ၂၆

အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှကြီးမှူး၍ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် ကျင်းပသော ပဉ္စမ အကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ (5th ASEAN Ministerial Meeting on Women – 5th AMMW and Related Meetings)၏ ဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် M.Gallery ဟိုတယ်၌ ကျင်းပသည်။

 

 အခမ်းအနားသို့ ပဉ္စမအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာ ဝန်ကြီးအဆင့် အစည်းအဝေး အလှည့်ကျဥက္ကဋ္ဌ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်၊ အာဆီယံအမျိုးသမီးကော်မတီ (ACW)နှင့် အာဆီယံအမျိုးသမီး နှင့်ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးကော်မရှင် (ACWC) ကိုယ်စားလှယ်များ၊ ဖွင့်ပွဲအခမ်းအနား ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ကြသည်။  

 

ဉီးစွာပြည်ထောင်စုဝန်ကြီးက ကျား၊မရေးရာ ထည့်သွင်းစဉ်းစားခြင်းနှင့် အမျိုးသမီးများ၏ စွမ်းဆောင် ရည်မြှင့်တင်ခြင်းတို့သည် ယခုအစည်းအဝေး၏ ရည်မှန်းချက်များသာမက မိမိတို့အာဆီယံဒေသတွင် ရေရှည်တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုရေးတရားမျှတမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို ရရှိရန်အ တွက် မရှိမဖြစ် လိုအပ်သော မဟာဗျူဟာများ ဖြစ်ပါကြောင်း။

 

ထို့ပြင် အာဆီယံ အသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ သည် ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်သော၊ ရေရှည်တည်တံ့ ခိုင်မြဲသည့် ဒေသတစ်ခုဆီသို့ ဦးတည်သည့် လမ်းကြောင်းကို ရေးဆွဲထားပြီး ကျား၊မ တန်းတူ ညီမျှရေးကို ရည်မှန်းချက်များ၏ အခြေခံအဖြစ်ထားရှိသည်ကိုတွေ့ရပါကြောင်း။  

 

 အာဆီယံအမျိုးသမီးကော်မတီ (ACW) နှင့် အာဆီယံအမျိုးသမီးနှင့်ကလေးသူငယ် အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးကော်မရှင်(ACWC) တို့သည် ကျား၊မ တန်းတူညီမျှရေးနှင့် အမျိုးသမီးအခွင့်အရေးများကို အထောက်အကူပြုသော လုပ်ငန်းစဉ်များကို မောင်းနှင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်ခဲ့ပြီး ၎င်းတို့၏ လုပ်ငန်းစီမံချက်များနှင့် ဆောင်ရွက်ချက်များသည် မိမိတို့ဒေသတွင် သိသာထင်ရှားသော တိုးတက်မှုအတွက် အခြေခံအုတ်မြစ်ကို ချမှတ်ပေးနိုင်ခဲ့ပါကြောင်း။

လာမည့်ရက်များတွင် ဆက်လက်ကျင်းပမည့် အစည်းအဝေးများမှ ထွက်ပေါ်လာမည့် ဆွေးနွေးမှုများ သည် ပိုမိုအကျိုးဖြစ်ထွန်းစေမည့် ရလဒ်များ ရရှိမည်ဟု မျှော်လင့်မိပါကြောင်း ပြောကြားသည်။ 

 

ထို့နောက် အာဆီယံဒုတိယအတွင်းရေးမှူးချုပ် ဦးစံလွင် က video message ဖြင့် အမှာစကား ပြောကြားသည်။

ဆက်လက်၍ (၂၉)ကြိမ်မြောက် အာဆီယံကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့် ရှောက်ရေးနှင့် မြှင့်တင်ရေးကော်မရှင်အစည်းအဝေး၊ (၁၁) ကြိမ်မြောက် အာဆီယံ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့် အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့်မြှင့်တင်ရေး ကော်မရှင်အစည်းအဝေးနှင့် အာဆီယံအမျိုးသမီး ကော်မတီညှိနှိုင်းအစည်းအဝေး၊ (၂၃)ကြိမ်မြောက် အာဆီယံအမျိုး သမီးကော်မတီအစည်းအဝေး၊ (၁၆) ကြိမ်မြောက် အာဆီယံအမျိုးသမီးကော်မတီနှင့် အာဆီယံ+၃ နိုင်ငံများအစည်းအဝေးနှင့် (၅)ကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာ ဝန်ကြီးများအဆင့် အစည်းအဝေးတို့ကို နိုဝင်ဘာ ၂၆ ရက်မှ ၂၉ ရက်အထိ ဆက်လက်ကျင်းပမည်ဖြစ်ပါကြောင်း သိရသည်။

(သတင်းစဉ်)