နေပြည်တော်၊ ဇန်နဝါရီ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ လူမှုဝန်ထမ်း ဦးစီးဌာန၊ ကျိုင်းတုံမူလတန်းကြိုကျောင်း၊ ကလေးပြုစုရေးဌာန၊ အမျိုးသမီး သက်မွေးပညာ သင်ကျောင်းနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန သိုလှောင်ရုံတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက မူလတန်းကြိုကျောင်းတွင် ကလေးငယ်များ၏ ကျန်းမာရေး စောင့်ရှောက်မှု၊ သန့်ရှင်းသပ်ရပ်စွာဖြင့် အာဟာရပြည့်ဝစွာ ကျွေးမွေးနိုင်မည့်အခြေအနေ၊ သင်ရိုး ညွှန်းတမ်းနှင့်အညီ ကလေးများအားစနစ်တကျလေ့ကျင့် သင်ကြားပေးနိုင်မှု၊ ဆရာမများအနေဖြင့် စိတ်ကောင်းစေတနာကောင်းများဖြင့် ပြုစုပျိုးထောင်သင်ကြားပေးရေးတို့ကို မှာကြားသည်။

 

ယင်းနောက် ကျိုင်းတုံကလေးပြုစုရေးဌာနတွင် လက်ခံစောင့်ရှောက်ထားသည့် ကလေးငယ်(၅၀)၏ ပညာသင်ကြားလေ့ကျင့်နေမှု၊ သင်ယူရာနေရာများနှင့် ကျွေးမွေးစောင့်ရှောက်မှု၊ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ကလေးများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အရုပ်များနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသမီးသက်မွေးအတတ် ပညာသင်ကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်က တောင်ပေါ်ဒေသတွင် နေထိုင်ပြီး ဆင်းရဲနွမ်းပါး၍ မိသားစုများက ပညာ ဆက်လက်သင်ကြားပေးရန်ခက်ခဲသည့် ကလေးငယ်(၅၆)ဦးကို ပညာဆက်လက်သင်ကြားနိုင်ရန် လူမှု ဝန်ထမ်းဦးစီးဌာနက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း အမျိုးသမီးသက်မွေး အတတ်ပညာ သင်ကျောင်းတွင် လက်ခံစောင့်ရှောက် ပေးနေမူအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက ကလေးငယ်များကို အတန်းပညာသာမက ၎င်းတို့၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာများ၊ ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများကိုလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်များဖိတ်ခေါ်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ပေးရန်နှင့် နွေရာသီကျောင်းပိတ်ရက်တွင် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးရန်မှာကြားခဲပြီး ကလေးငယ်များနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး စားသောက်ဖွယ်ရာနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ကျိုင်းတုံခရိုင် ဦးစီးမှုးရုံးနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံသို့ သွားရောက်၍ ကယ်ဆယ်ရေး ပစ္စည်းများ သိုလှောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ကယ်ဆယ်ထောက်ပံ့ပစ္စည်းများကို လေလွင့်ပျက်စီးမှု များမဖြစ်ပေါ်စေရေး၊ သက်တမ်းပြည့်ကောင်းမွန်စွာဖြင့် ဘေးသင့်သူများလက်သို့ ထောက်ပံ့နိုင်ရေးတို့အတွက် ထုတ်ပြန်ထားသော သိုလှောင်ရုံထိန်းသိမ်းရေး လက်စွဲနှင့်အညီ စနစ်တကျ ထားသိုထိန်းသိမ်းရန်နှင့် မီးဘေးအပါအဝင် သိုလှောင်ရုံလုံခြုံရေးကို ဝန်ထမ်းများ အထူးသတိပြု ဆောင်ရွက်ကြရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)