နေပြည်တော် ဇန်နဝါရီ ၃၀

 

လုံခြုံစိတ်ချရသော အာတိတ်ဒေသလေ့ကျင့်ခန်း အစီအစဉ် ၂၀၂၅ သို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အာခန်ဂလစ်မြို့၌ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းတွင် ရုရှားမျိုးချစ်သူရဲကောင်းများဗိမ္မာန်၌ ကျင်းပသော အမှတ်တရအခမ်းအနားသို့ တက်ရောက်သည်။

 

အဆိုပါအခမ်းအနားသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပြည်သူ့ကာကွယ်ရေး၊ အရေးပေါ်အခြေအနေနှင့် သဘာဝဘေးစီမံခန့်ခွဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အာခန်ဂလစ်မြို့ မြို့တော်ဝန်၊ ဘီလာရုစ်နိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အီရန်နိုင်ငံ၊ ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ သဘာဝဘေးနှင့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံအသီးသီးမှ တက်ရောက်သူများနှင့်အတူ တစ်မိနစ်ငြိမ်သက်အသိ အမှတ်ပြု၍ အမှတ်တရပန်းစည်းချခဲ့သည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အာခန်ဂလစ်မြို့ မြောက်ဒီဗီနာ မြစ်ကမ်းပါးရှိ ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်မည့်နေရာသို့ သွားရောက်ကာ ရေခဲပြင် ရှာဖွေကယ်ဆယ်ရေးသုံး ခေတ်မီယာဉ်ယန္တရားများ အသုံးပြု ကူညီကယ်ဆယ်မှု၊ ရေခဲပြင်ပေါ်၌ သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသူများ ယာယီနားခိုရန်နှင့် စောင့်ရှောက်မှုပေးရန် ဆောင်ရွက်ထားရှိမှုများကို လေ့လာကြည့်ရှုပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။

 

ထို့နောက် ရေခဲပြင်အတွင်း ပိတ်မိနေသည့် အပြည်ပြည်ဆိုင်ရာရေကြောင်းသွား သင်္ဘောတစ်စီးပေါ်ရှိ အန္တရာယ်ကြုံတွေ့ရသူများအား ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ကူညီရေးအဖွဲ့များက မောင်းသူမဲ့လေယာဉ်၊ ရေခဲပြင်သွားရှပ်ပြေးယာဉ်၊ ရဟတ်ယာဉ်၊ ရေခဲပြင်သွား လူနာတင်ယာဉ်များအသုံးပြု၍ ရှာဖွေကယ်ဆယ်ခြင်းနှင့် လိုအပ်သည့်ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ခြင်းတို့ကို ရုရှားနိုင်ငံနှင့် မိတ်ဆွေနိုင်ငံများမှ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်မှုကို ကြည့်ရှုအားပေးခဲ့သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပြည်သူကာကွယ်ရေး၊ အရေးပေါ်အခြေအနေနှင့် သဘာဝဘေးစီမံခန့်ခွဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။

 

တွေ့ဆုံစဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပြည်သူကာကွယ်ရေး၊ အရေးပေါ်အခြေအနေနှင့် သဘာဝဘေးစီမံခန့်ခွဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဘေးအန္တရာယ် စီမံခန့်ခွဲရေးလုပ်ငန်းများတွင် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် ရေခဲတောင်များရှိသည့် တစ်ခုတည်းသော နိုင်ငံဖြစ်ကြောင်း၊ ရေခဲတောင်ဒေသတွင် သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကူညီကယ်ဆယ်ပံ့ပိုးရန် ကန့်သတ်ချက်များရှိနေသော်လည်း ယခု ဇာတ်တိုက်လေ့ကျင့်မှုမှ အတွေ့အကြုံကောင်းများစွာ လေ့လာခွင့်ရရှိကြောင်း၊ သဘာဝဘေးကူညီမှုဆိုင်ရာ ဆက်စပ်လုပ်ငန်းကဏ္ဍများတွင် လိုအပ်သလို ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားကာ ဇာတ်တိုက်လေ့ကျင့်မှုနှင့်စပ်လျဉ်း၍ အကြံပြုမေးမြန်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်