နေပြည်တော် ဇန်နဝါရီ ၁၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်း သည် ယမန်နေ့နံနက်ပိုင်းက ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားသည်။
ဉီးစွာပြည်ထောင်စုဝန်ကြီးက ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် သဘာဝဘေးအန္တရာယ် ကို တုံ့ပြန်နိုင်မည့် စွမ်းအားစုများ အမြဲအဆင်သင့်ဖြစ်နေစေရန်၊ ရပ်ရွာများ တွင်ရရှိနိုင်သည့် လူငယ်စွမ်းအားစုများကို ဖော်ထုတ်ပြီး ၎င်းတို့၏ရပ်ရွာများအတွင်း သဘာဝဘေး လျော့ပါးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ၎င်းတို့ကိုယ်တိုင် ဦးစီးဦးဆောင်မှုပြုနိုင်သူများ ဖြစ်လာစေရန်၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များအတွက် အရန်အင်အား တောင့်တင်းလာနိုင်စေရန်နှင့် လူငယ်ထုအတွင်း အများအကျိုးသယ်ပိုးလိုသောစိတ်ဓာတ်များ ကိန်းအောင်းလာစေရန်ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းကာလအတွင်းဘေး အန္တရာယ်များအကြောင်း၊ ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေး နှင့်အရေးပေါ်သတိပေးစနစ်များအကြောင်း၊ အရေးပေါ်တုံ့ပြန်ရေး၊ ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး၊ ကယ်ဆယ်ရေး ပစ္စည်းများဖြန့်ဝေမှု၊ ကယ်ဆယ်ရေး စခန်းစီမံခန့်ခွဲမှုစသည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းအကြောင်းအရာများကို လေ့လာခွင့်ရရှိကြမည်ဖြစ်၍ ဘေးဒဏ်မှကြံ့ကြံ့ခံနိုင်သော ရပ်ရွာအသိုက်အဝန်းများ ဖြစ်ထွန်းလာစေရေးအတွက် ကျရာကဏ္ဍမှ အင်တိုက်အားတိုက် ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ကျိုင်းတုံခ ရိုင် အတွင်းရှိ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။ အဆိုပါသင်တန်းကို (၃) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျိုင်းတုံခရိုင်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းလူငယ်(၅၀) တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီ (၁၁)ရက် နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျိုင်းတုံခရိုင်အတွင်းရှိ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ၊ နိုင်ငံတော်၏ ပကတိအခြေအနေမှန်များကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်