နေပြည်တော်       ဇွန်        ၂၈

 

၂၀၂၃-၂၀၂၄  ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စက်မှုဝန်ကြီး ဌာနမှ ဝန်ထမ်းများ၏ သား/သမီးများအား ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသားမိဘများနှင့် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်းများ၏ သား/သမီးများကို ဂုဏ်ပြုဆုချီးမြှင့်ခြင်းသည် အနာဂတ်နိုင်ငံတော်၏ ပခုံးပြောင်းတာဝန်များကို လက်ဆင့်ကမ်းရယူကြမည့် ကျောင်းသား/ကျောင်းသူ မျိုးဆက်သစ်များ၏  ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုခြင်းဖြစ်သည့်အပြင် ထူးချွန်ထက်မြက်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွက်လာအောင် တိုက်တွန်းနှိုးဆော်လိုသည့် သဘောဖြစ်ပါ ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ယခုလိုဂုဏ်ပြုချီးမြှင့်ခြင်းကို တန်ဖိုးထားနားလည်ပြီး မိမိတို့၏သား/သမီး များကို ယခုထက်မက ပိုမိုအောင်မြင်အောင်၊ လူတော်လူကောင်းများဖြစ်အောင်၊ မှန်ကန်သည့် လမ်းကြောင်းပေါ် အခြေချနိုင်အောင်နှင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုရသည့် သားကောင်း ရတနာများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား(၁)ဦးနှင့် ငါးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ ကျောင်းသူ (၂)ဦးတို့ကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက ငါးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူ (၃)ဦးကိုလည်းကောင်း၊ ဌာနဆိုင်ရာအကြီးအကဲများက လေးဘာသာ၊ သုံးဘာသာ၊ နှစ်ဘာသာ၊ တစ်ဘာသာဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများကို လည်းကောင်း ဂုဏ်ပြုဆုများချီးမြှင့်ကြပြီး ထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူများ ကိုယ်စား ငါးဘာသာ ဂုဏ်ထူးရှင် မအေးမြတ်သီရိမင်းက ကျေးဇူးတင်စကား ပြောကြားသည်။

 

၂၀၂၃-၂၀၂၄ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သား/သမီး (၂၂၀) ဝင်ရောက်ဖြေဆိုခဲ့ရာ (၁၆၇)ဦးအောင်မြင်ခဲ့ပြီး ခြောက်ဘာသာ ဂုဏ်ထူးရှင်(၁)ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင်(၅)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၇)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၄)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၆)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၁၆)ဦး၊ စုစုပေါင်း(၄၉)ဦး ထူးချွန်စွာအောင်မြင်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)