နေပြည်တော်၊ ဇန်နဝါရီ ၂၂
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် Grade-12 သို့ တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ဆေးဝါးသမိုင်းပြခန်း၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ပြည်ထောင်စု ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ စက်ရုံမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အခြေခံပညာသင်ကြား တတ်မြောက်မှသာ အဆင့်မြင့်ပညာရပ်များကို ဆည်းပူးလေ့လာနိုင်မည်ဖြစ်ကြောင်း၊ အခြေခံပညာ Grade-12 သည် နောင်ဆက်လက်လေ့လာ သင်ကြားလိုသည့် ပညာရပ်များအတွက် ပေါင်းကူးတံတားသဖွယ်ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဆေးပညာ၊ စက်မှု၊ စိုက်ပျိုးရေး စသည့်ကဏ္ဍအစုံ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်လျက်ရှိကြောင်း၊ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရပ်များကို အခြေခံပညာမှစ၍ လေ့လာသင်ယူပြီး စနစ်တကျအသုံးချရန် လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံ့အကျိုးကို သယ်ပိုးနိုင်ပြီး နိုင်ငံတော်အတွက် အားကိုးရသည့် သားကောင်း သမီးကောင်းများဖြစ်အောင် ကြိုးစားအား ထုတ်ကြရန် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် Grade-12 သို့ တက်ရောက် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းစီအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စက်မှုဝန်ကြီးဌာနအနေဖြင့် ဆေးဝါးကုန်ကြမ်းများကို ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များနှင့်အညီ တင်ဒါခေါ်ယူ၍ ဝယ်ယူဆောင်ရွက်လျက် ရှိကြောင်း၊ ဆေးဝါးစက်ရုံများသို့ ကုန်ကြမ်းများနှင့် စက်ပစ္စည်းများ တင်သွင်းနေသည့် ကုမ္ပဏီများအနေဖြင့် ရရှိသည့် အမြတ်အစွန်းအချို့ကိုလည်း လူမှုတာဝန်သိမှုလုပ်ငန်း (Corporate Social Responsibility -CSR) တို့တွင် အသုံးပြု စေလိုကြောင်း၊ ဆေးဝါးစက်ရုံများ စဉ်ဆက်မပြတ် လည်ပတ်နိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဆေးဝါးကုန်ကြမ်းများနှင့် စက်ပစ္စည်းများ တင်သွင်းနေသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် စက်ရုံမှူးတို့က ကုမ္ပဏီများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မရမ်းကုန်းမြို့နယ်၊ သလ္လာဝတီလမ်းရှိ MSME ဗဟိုဌာန၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ် Mr. Vladimir Kazadaev နှင့်တွေ့ဆုံ၍ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) အမြန်ဆုံးပြန်လည် စတင်လည်ပတ်နိုင်ရေး၊ ပတ်ဝန်းကျင်နှင့် လူတို့အား ထိခိုက်မှုမရှိသည့် နည်းစဉ်ဖြင့် Crysotile များအား စက်ရုံတည်ဆောက်၍ ထုတ်လုပ်နိုင်ရေး၊ နေကြာနှင့် ဝါစေ့မှ စားသုံးဆီများ ထုတ်လုပ်နိုင်ရေးတို့အတွက် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်
သတင်းစဉ်