နေပြည်တော် မတ် ၁၉
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့ နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ Nipha Exports Private Limited မှ ဒုတိယဥက္ကဋ္ဌ Mr. P. K. Shah ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ စက်မှုကဏ္ဍအတွက် လိုအပ်သောစက်ပစ္စည်းများ တင်သွင်ရေးကိစ္စ၊ MSME များ ၊သံမဏိ၊ ဘိလပ်မြေ၊ ဆေးဝါး၊ ချည်မျှင်နှင့်အထည် စသည့်လုပ်ငန်းများရှိ ထုတ်လုပ်မှုကဏ္ဍ တိုးတက်ရေးအတွက် လိုအပ်သော စက်ပစ္စည်းများနှင့် နည်းပညာများ ပံ့ပိုးကူညီရေးကိစ္စ၊ နှစ်နိုင်ငံ အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရန်အတွက် ကုန်သွယ်မှုလုပ်ငန်းများတွင် အိန္ဒိယရူးပီး/ မြန်မာကျပ်ငွေ တိုက်ရိုက်ပေးချေနိုင်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)