နေပြည်တော်၊ ဇန်နဝါရီ ၂၁
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၁၇ ရက်တွင် ကိုလ်းကတ္တားမြို့မှ မော်တော်ယာဉ်များဖြင့် Duragapur သံမဏိစက်ရုံသို့သွားရောက်လေ့လာသည်။
ဉီးစွာ ညွှန်ကြားရေးမှူး Mr. BP Sing က Duragapur သံမဏိစက်ရုံဆိုင်ရာ အချက်အလက်များ၊ Duragapur စက်ရုံတည်ဆောက်ခဲ့မှုနှင့် နှစ်အလိုက်ပြောင်းလဲတိုးတက်လာမှု၊ စက်ရုံအနေဖြင့် တစ်နှစ်လျှင် သံမဏိတန်ချိန် (၂) သန်းကျော် ထုတ်လုပ်နေမှု၊ အိန္ဒိယသမ္မတနိုင်ငံသည် တစ်နှစ်လျှင် သံမဏိတန်ချိန်သန်း (၁၀၀) ကျော် ထုတ်လုပ်လျက်ရှိသဖြင့် ကမ္ဘာပေါ်တွင် ဒုတိယမြောက် သံမဏိအများဆုံး ထုတ်လုပ်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်ရုံအတွက်လိုအပ်သော ကုန်ကြမ်း (Scrap) များရရှိမှု၊ လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်မွေးမြူနေမှုတို့ကို မေးမြန်းရာ Mr. BP Sing က အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ယင်းနောက် စက်ရုံအတွင်း၌ Liquid Steel ထုတ်လုပ်ပေးနေသည့် Blast Furnaces ၊ Liquid Steel များကို Converter မှတစ်ဆင့် စတုရန်းပုံ Steel Billet နှင့် စတုဂံပုံ Bloom ထုတ်လုပ်နေမှု၊ မီးရထားသံဘီးများနှင့် အခြားဘီးများ ထုတ်လုပ်နေမှု၊ Section Mill တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး Steel Structural များထုတ်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုလေ့လာ၍ အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေး အပ်သည်။ ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကိုလ်းကတ္တားမြို့၌ အနောက်ဘန်ဂေါ စီးပွားရေး လုပ်ငန်းရှင်များမှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်၍ လုပ်ငန်းရှင်များ သိရှိလိုသည့် အချက်အလက်များကို ပြည်ထောင်စုဝန်ကြီးက အသေးစိတ်ပြန်လည် ရှင်းလင်းပြောကြားသည်။

ဇန်နဝါရီ (၁၈) ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကိုလ်းကတ္တားမြို့၌ ဘန်ဂေါပြည်နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဆေးဝါးကုသမှုလုပ်ငန်းများ အကျိုးတူဆောင်ရွက်ရေး၊ ဆိုလာတပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ ပညာတော်သင်စေလွှတ်ရေး၊ အလိုအလျှောက် ထိန်းချုပ်မောင်းနှင်ရေး စနစ်များကို ပြုပြင်ထိန်းသိမ်းမည့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရေး၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ သံမဏိထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက်များကို အကူအညီပေးရေး စသည့်ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးသည်။ မွန်းလွှဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကိုလ်းကတ္တားမြို့မှ အမီဒါဘတ်မြို့သို့ လေယာဉ်ခရီးစဉ်ဖြင့်ရောက်ရှိရာ ပြည်နယ်အစိုးရ လုံခြုံရေးအကြီးအကဲက ကြိုဆိုနှုတ်ဆက်သည်။

ဇန်နဝါရီ ၁၉ရက်နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အမီဒါဘတ်မြို့ရှိ Intas Pharmacetutials Ltd,. သို့ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများမှ အသေးစိတ်ပြန်လည် ရှင်းလင်း ဖြေကြားသည်။ ထို့နောက်စက်ရုံအတွင်း ဆေးဝါးများထုတ်လုပ်နေသည့် နည်းစဉ်အဆင့်ဆင့်တို့ကို လေ့လာကြည့်ရှုသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဂူဂျာရတ်ပြည်နယ် ကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်ရေး၊ အိန္ဒိယနိုင်ငံရှိ စက်မှုလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်၍ ဆွေးနွေးညှိနှိုင်းသည်။
ဇန်နဝါရီ၂၀ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဂူဂျာရတ်ပြည်နယ်ရှိ Arvind အထည်အလိပ်စက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံက လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များသည် အထည်အလိပ်များ ထုတ်လုပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်လေ့လာကြည့်ရှုရာ တာဝန်ရှိသူများမှ လိုက်လံရှင်းပြသသည်။
မွန်းလွှဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်၊ အမီဒါဘတ်မြို့မှ ပြန်လည်ထွက်ခွာလာရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ရောက်ရှိသည်။ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဒုတိယအမြဲတမ်းအတွင်းဝန်၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဝန်ကြီးဌာန မှ စက်ရုံမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံရုံးမှ ဒုတိယသံအမတ်နှင့် တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ခဲ့ကြောင်းသိရသည်။
သတင်းစဉ်