နေပြည်တော် စက်တင်ဘာ ၉

စက်မှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ ရောက်ရှိပြီး သံရည်ကျိုအလုပ်ရုံ (၁) တွင်  လျှပ်စစ်သံရည်ကျိုမီးဖိုဖြင့် သံတိုသံစများကို ကျိုချက်နေမှု၊ ဓာတ်သတ္တုပါဝင်ပစ္စည်းများ ချိန်ညှိသည့်မီးဖိုဖြင့် စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် သံမဏိများဖြစ်အောင် ဆောင်ရွက်နေမှု၊ စဉ်ဆက်မပြတ် သံရည်များသွန်းလောင်းနေမှု၊ လေးထောင့်ပုံ သံမဏိများထွက်ရှိနေမှုနှင့် ဆက်စပ်အလုပ်ရုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 

ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက သံမဏိထုတ်လုပ်မှု လုပ်ငန်းများကို လျာထားချက်ထက် ကျော်လွန်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်နှင့် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများနှင့် စက်အရန်ပစ္စည်းများကို ပြည့်စုံအောင် ဖြည့်ဆည်းဆောင်ရွက်ထားရန်၊ ထို့ပြင်လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များကို ဖြည့်တင်း နိုင်ရေးစီမံချက်များ ရေးဆွဲဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် စက်ပစ္စည်းကိရိယာများအား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အမြဲတမ်းဆောင်ရွက်ထားရှိရန်နှင့် ကြိုတင်ကာကွယ် ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကိုလည်း စီမံချက်များ ရေးဆွဲဆောင်ရွက်ရန်၊ သံရည်ကျိုလုပ်ငန်းများ ဆောင်ရွက်စဉ် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သတ်မှတ်တစ်ကိုယ်ရည်သုံး အကာအကွယ်ပစ္စည်းများကို ပြည့်စုံအောင်ဝတ်ဆင်ရန်၊ စက်ရုံအနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို စီးပွားဖြစ် ဆောင်ရွက်နိုင်ရေးအတွက် တစ်ယူနစ်ထုတ်လုပ်မှု ကုန်ကျစရိတ်များကိုလည်း ပြန်လည်တွက်ချက်ရန်၊ စက်ရုံမှ ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးကို တစ်သတ်မတ်တည်း ထိန်းသိမ်းနိုင်ရေးအတွက် ထုတ်လုပ်မှု နည်းစဉ်တစ်လျှောက် အရည်အသွေးစစ်ဆေးရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရန်နှင့် ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အတွက် လိုအပ်သော သံမဏိထုတ်လုပ်ခြင်း လုပ်ငန်းများကို သွင်းကုန်အစားထိုးအဖြစ် ဆောင်ရွက်နေခြင်းဖြစ်၍ လုပ်ငန်းတာဝန်များကို ကြိုးစားဆောင်ရွက်ကြရန်မှာကြားပြီး ဝန်ထမ်းများနှင့် နေ့လည်စာ အတူတကွ သုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်