နေပြည်တော် မတ် ၆

ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့အစည်း(UNESCO)၏ ပံ့ပိုးကူညီမှုဖြင့် ကမ္ဘာ့အင်ဂျင် နီယာအသင်းများ ဖက်ဒရေးရှင်း (WFEO)နှင့် အင်ဒိုနီးရှားအင်ဂျင်နီယာအသင်း (PII)တို့ ပူးပေါင်း၍ “ရေရှည်ဖွံ့ဖြိုးတိုးတက်သော အနာဂတ်အတွက် ခေတ်မီဆန်းသစ်သော အင်ဂျင်နီယာပညာရပ်” ခေါင်းစဉ်ဖြင့် အာရှတိုက်၌ ပထမဆုံးအကြိမ်အဖြစ် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ မတ် ၃ ရက်မှ ၅ ရက်အထိ ကျင်းပသည့် “ကမ္ဘာ့အင်ဂျင်နီယာနေ့” (World Engineering Day - WED 2026) အခမ်း အနားသို့တက်ရောက်ရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မတ် ၃ ရက်တွင် ရန်ကုန်မြို့မှ လေကြောင်းခရီး ဖြင့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့သို့ ထွက်ခွာခဲ့သည်။

 

မတ် ၄ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ပြည်ထောင်စုဝန်ကြီးသည် ဂျကာတာမြို့ရှိ ဘလိုင်း ကာတီနီကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် “၂၀၂၆ ခုနှစ် ကမ္ဘာ့အင်ဂျင်နီယာနေ့” အခမ်းအနား၏ “မဟာ ဗျူဟာနှင့် မျှော်မှန်းချက်များ အဆင့်မြင့်ဆွေးနွေးမှု ကဏ္ဍ” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

 

အဆိုပါ အခမ်းအနားတွင် အင်ဒိုနီးရှားအင်ဂျင်နီယာအသင်းဥက္ကဋ္ဌ မစ္စတာအီဟင်အက်ဘာ ဟာဘီဘီ က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား၍ အင်ဒိုနီးရှားနိုင်ငံအခြေစိုက် UNESCO ညွှန်ကြားရေးမှူး မစ်မာကီကာစုနိုဟာယာရှီကာဝါက UNESCO ၏ သဝဏ်လွှာကိုဖတ်ကြားပြီး ကမ္ဘာ့အင်ဂျင်နီယာ အသင်းများဖက်ဒရေးရှင်းဥက္ကဋ္ဌ ဂုဏ်ထူးဆောင် ပါမောက္ခ ဒေါက်တာ ဆန်ချွမ်တန်နှင့် အင်ဒိုနီးရှား နိုင်ငံ စီးပွားရေးရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ အာလန်ဂါ ဟာတာတိုတို့က အဖွင့်မိန့်ခွန်း ပြောကြားသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် “ရေရှည်တည်တံ့သော အနာဂတ်အတွက် ခေတ်မီဆန်းသစ် သော အင်ဂျင်နီယာပညာရပ်” (Smart Engineering for a Sustainable Future) ခေါင်းစဉ်ဖြင့် ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲသို့ ကမ္ဘာ့အင်ဂျင်နီယာအသင်းချုပ် ယခင်ဥက္ကဋ္ဌဖြစ်သူ မစ္စတာ မူစတာဖာရှီဟူး၊ ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာန ဝန်ကြီးမစ္စတာ မူတယာ ဗီယာဒါ ဟာဖစ်ဒ်၊ ပြည်သူ့လုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စ ဒိုင်ယာနာ ကူဆူမတ်တူတီတို့ နှင့်အတူ တက်ရောက်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ခေတ်မီဆန်းသစ်သော အင်ဂျင်နီယာပညာရပ် ရှင်သန်ဖွံ့ဖြိုးရန် အင်ဂျင်နီယာပညာရေးကိုသာမက ကျွမ်းကျင်မှုအခြေပြုပညာရေးစနစ် ပြုစုပျိုးထောင် ရန် လိုအပ်မှုတို့ကို အလေးထားဆွေးနွေးခဲ့ကြသည်။

 

အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အဆင့်မြင့်နည်းပညာနှင့် ကျွမ်းကျင်မှုများ အကန့် အသတ်ရှိနေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ခေတ်မီဆန်းသစ်သော အင်ဂျင်နီယာပညာရပ်၏ အောင်မြင်မှုသည် နည်းပညာရယူခြင်းအပေါ်တွင်သာမက ၎င်းကို ဖြန့်ကြက်၊ စီမံခန့်ခွဲပြီး ထိန်းသိမ်းနိုင် သည့် လူ့စွမ်းအားအရင်းအမြစ် တည်ဆောက်ခြင်းအပေါ်တွင်လည်း မူတည်လျက်ရှိကြောင်း၊ ကျွမ်းကျင်မှု အခြေပြုပညာရေးနှင့် အင်ဂျင်နီယာပညာရပ်တို့ကိုပေါင်းစပ်၍ “အင်ဂျင်နီယာ လူ့စွမ်းအားပိရမစ်” မဟာ ဗျူဟာတစ်ခု ထူထောင်ရမည်ဖြစ်ကြောင်း၊ အင်ဂျင်နီယာများဖြင့်သာ မလုံလောက်နိုင်ဘဲ နည်းပညာရှင် များအနေဖြင့် စနစ်များကို ထိန်းသိမ်းခြင်း၊ အဖွဲ့အစည်းများမှ ကျွမ်းကျင်လုပ်သားများ၏ စွမ်းဆောင် ရည်များကို စဉ်ဆက်မပြတ်မြှင့်တင်ပေးခြင်းဖြင့် လုပ်ငန်းများကို လည်ပတ်ရမည်ဖြစ်ကြောင်း။

 

ကျွမ်းကျင်မှု အခြေပြုပညာရေးဖြင့် အောင်မြင် စွာပေါင်းစပ်ထားသည့် “အင်ဂျင်နီယာလူ့စွမ်းအား ပိရမစ်” တည်ထောင်၍ ခေတ်မီဆန်းသစ်သော အင်ဂျင်နီယာပညာရပ်ကိုဖန်တီးနိုင်မည့် မဟာဗျူဟာ (၁၀)ရပ်ကို အသက်သွင်းနိုင်ပါက နိုင်ငံ၏စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်းနှင့် စက်မှုလုပ်ငန်းများ ခေတ်မီ တိုးတက်မှုကို အရှိန်မြှင့်တင်နိုင်မည်ဖြစ်ပြီး ရေရှည်တည်တံ့သောအနာဂတ်ကိုလည်း ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ ခေတ်မီဆန်းသစ်သော အင်ဂျင်နီယာပညာရပ်သည် ခံနိုင်ရည်စွမ်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ရေရှည် တည်တံ့သည့် ကယြွ်ဝချမ်းသာမှုဆီသို့ ဦးတည်မည့် လမ်းကြောင်းတစ်ခုဖြစ်သောကြောင့် အလုံးစုံပါဝင်မှု ရှိသော၊ ရေရှည်တည်တံ့သော အနာဂတ်တစ်ခုကို အတူတကွ ပူးပေါင်းတည်ဆောက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

 

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မြတ်၊ ကမ္ဘာ့အင်ဂျင်နီယာအဖွဲ့ချုပ် အင်ဂျင်နီယာပညာရေး အမြဲတမ်းကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဇော်မင်းအောင်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်လတ်တို့လည်း တက်ရောက်ကြသည်။

 

ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်