နေပြည်တော် ဧပြီ ၂၄

 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး သာစည်မြို့နယ်ရှိ ရွှေတောင်ဘိလပ်မြေကုမ္ပဏီလီမိတက်၏ အပါချီဘိလပ်မြေစက်ရုံ (ပြည်ညောင်) အစည်းအဝေးခန်းမ၌ စက်ရုံမှတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယခုအချိန်သည် ငလျင်ဘေးဒဏ်သင့်ဒေသများအား ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ လိုအပ်လျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများ၊ သံ၊ သံမဏိစက်ရုံများ၊ အမိုး၊ အမိုးပြား စက်ရုံများ၊ အုတ်စက်ရုံများ၊ အထပ်သားစက်ရုံများ စက်စွမ်း အားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်ချက်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံများ စက်စွမ်းအားပြည့်လည်ပတ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်မှသာ  ဈေးနှုန်းတည်ငြိမ်မှုရှိမည်ဖြစ်ကြောင်း၊ စက်ရုံမှထုတ်လုပ်သည့် ဘိလပ်မြေများကို ငလျင်ကြောင့် ထိခိုက်ပျက်စီး ခဲ့သည့် ဆေးရုံများ၊ ကျောင်းများ ပြုပြင်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေးအတွက် ဦးစားပေးရောင်းချ ရမည်ဖြစ်ကြောင်း။

 

ထို့ပြင် ငလျင်ဘေးဒဏ်သင့် ဒေသများသို့လည်း ဖြန့်ဖြူးရောင်ချနိုင်ရေး စီမံဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဘိလပ်မြေထုတ်လုပ်သူများအသင်းအနေဖြင့် စက်ရုံအချင်းချင်း လိုအပ်ချက်များကို အပြန်အလှန်ကူညီပေး နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်ကို သိရှိရကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် ဘိလပ်မြေများများစွာလိုအပ်၍ စက်ရုံအနေဖြင့် ထုတ်လုပ်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောကုန်ကြမ်းများ၊ စက်အရန် ပစ္စည်း များကို ကြိုတင်စုဆောင်းထားရှိရမည်ဖြစ်ကြောင်း မှာကြားသည်။

 

ထို့နောက် စက်ရုံမှ တာဝန်ရှိသူများက ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့မှု၊ စက်ကိရိယာ ပစ္စည်းများပြုပြင်ခဲ့မှု၊ စက်ရုံပြန်လည်လည်ပတ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေတို့ကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဈေးကွက်အတွင်း လိုအပ်ချက်မြင့်မားလျက်ရှိသည့် ဘိလပ်မြေများကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး မှာကြားပြီး ဘိလပ်မြေထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်၊ ဓာတ်ခွဲခန်းများနှင့် ထုတ်လုပ်ပြီးဘိလပ်မြေများအား ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချရန် မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

အပါချီဘိလပ်မြေစက်ရုံသည် တစ်နေ့လျှင် တန်(၄၀၀၀)နှင့် တန်(၁၅၀၀) လည်ပတ်ထုတ်လုပ်နိုင်သည့် လိုင်း()လိုင်းတပ်ဆင်ထားရှိပြီး ၂၀၂၅ ခုနှစ် ဧပြီ ၅ ရက်မှ ၂၂ ရက်အထိ ကလင် ကာတန်ချိန် (၈၀၀၀၀)ခန့် ထုတ်လုပ်ခဲ့ကြောင်း၊ ဘိလပ်မြေကြိတ်စက်ရုံကို ငလျင်လှုပ်ခတ်ပြီးချိန်တွင် သုံးနာရီခန့်ရပ်တန့်၍ စက်များ ကို စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယနေ့အချိန်ထိ တစ်စပ်တစ်ဆက်တည်းလည်ပတ်၍ ဘိလပ်မြေတန်ချိန် (၆၀၀၀၀)ထုတ်လုပ်၍ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်းနှင့် စက်ရုံမှထုတ် လုပ်သော ကလင်ကာများကို ရန်ကုန်မြို့၊ သီလဝါစက်မှုဇုန်ရှိ ဘိလပ်မြေကြိတ်စက်ရုံ များ သို့ပေးပို့၍ ဘိလပ်မြေများထုတ်လုပ်ပြီး ပြည်တွင်းလိုအပ်ချက်ကို စက်ရုံအထိုင်ဈေး တစ်အိပ်လျှင် (၁၇,၀၀၀) ကျပ်နှုန်းဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)