နေပြည်တော် ဩဂုတ် ၁၇
ဆေးဝါးစက်ရုံ (အင်းစိန်) ရှိ ဝန်ထမ်းများ၏ သားသမီးများအား ကျောင်းသုံးစာရေး ကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဆေးဝါး စက်ရုံ (အင်းစိန်)၊ ဆေးဝါးစက်ရုံ သမိုင်းပြခန်း၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အထွေထွေမန်နေဂျာများ၊ စက်ရုံမှူးနှင့် အရာထမ်း/ အမှုထမ်းများ၊ အခြေခံပညာနှင့် တက္ကသိုလ်အဆင့်တို့တွင် တက်ရောက်ပညာသင်ကြားနေသည့် ဝန်ထမ်းများ၏သားသမီးများ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားပြီး ဆေးဝါးစက်ရုံ (အင်းစိန်) ရှိ ဝန်ထမ်းသားသမီး ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းသုံးစာရေးကိရိယာများအား ထောက်ပံ့ပေးအပ်ရာ ကျောင်းသား/ သူများက လက်ခံရယူပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် အခြေခံပညာနှင့် တက္ကသိုလ်အဆင့်တို့တွင် တက်ရောက် ပညာသင်ကြားနေသည့် ဝန်ထမ်းများ၏ သားသမီး (၅၉၈) ဦးအတွက် ငွေကျပ် (၁၀၁) သိန်းကျော် တန်ဖိုးရှိ ကျောင်းသုံးစာရေးကိရိယာများကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ဆေးဝါးစက်ရုံများအတွက် ကုန်ကြမ်းများပစ္စည်းများ၊ စက်အရန်ပစ္စည်းများ ပေးသွင်းနိုင်ရေးအတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဆေးဝါးစက်ရုံ (အင်းစိန်) ရှိ ဌာနကြီးမှူးများနှင့် တွေ့ဆုံ၍ ဆေးဝါးစက်ရုံများအနေဖြင့် ပြည်သူများအတွက် အခြေခံအကျဆုံး ဆေးဝါးများအပါအဝင် ဆေးဝါးအမျိုးပေါင်း (၂၀၀) ကျော်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးဝါးစက်ရုံများအနေဖြင့် လူများ၏အသက်ကို ကယ်တင်သည့် ဆေးဝါးများကို ထုတ်လုပ်ပေးနေခြင်းဖြစ်သည့်အတွက် ဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းစဉ်အဆင့်တိုင်းအား အထူးဂရုပြု၍ အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆေးဝါးထုတ်လုပ်မှုသမိုင်းပြခန်း ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်ဝန်ကြီးချုပ်က “ဆေးဝါးဆိုတာ ပြည်သူတွေရဲ့ အသက်ကယ်တဲ့ ပစ္စည်းဖြစ်၍ ဆေးဝါးထုတ်လုပ်မှုကို ဆောင်ရွက်နေခြင်းသည် မွန်မြတ်သောကုသိုလ်ကို ပြုလုပ်ခြင်းဖြစ်တယ်” ဟု မိန့်မှတ်ချက်ပြုခဲ့ကြောင်း၊ စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စွမ်းရည်ပြည့်ဝပြီး တာဝန်ကျေပွန်သည့် ဝန်ထမ်းကောင်းများဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် အလေးအနက်ထားဆောင်ရွက်ရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် အင်းစိန်မြို့နယ်ရှိ ချည်မျှင်နှင့်အထည် ထုတ်လုပ်မှုနည်းပညာဖွံ့ဖြိုးရေး ဌာနသို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် ဝတ်ဆင်ရေးကဏ္ဍ ပြည့်စုံဖူလုံစေရေးအတွက် ဝါမှ ဝါဂွမ်း၊ ချည်၊ အထည်ရက်လုပ်ခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းမှ ထုတ်လုပ်သည့် ချည်မျှင်များ၏ အရည်အသွေး ကောင်းမွန်ရေးအတွက် စက်ပစ္စည်းကိရိယာများကို အဆင့်မြင့်တင်ခြင်း၊ ချိန်ညှိခြင်းလုပ်ငန်းများကို ဆောင်ရွက်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဝါဂွမ်း၊ ချည်၊ အထည်စမ်းသပ်စစ်ဆေးသည့် ခေတ်မီနည်းပညာရပ်များ ရရှိရေးအတွက် လေ့လာသင်ယူမှု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်သို့ ရောက်ရှိပြီး မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်နှင့် အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး စက်ရုံ/ အလုပ်ရုံများ တည်ဆောက်လည်ပတ်ရာတွင် အလုပ်သမားများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စက်ရုံပုံစံ၊ စက်ပစ္စည်းများ ထားရှိမည့်ပုံစံ စသည်တို့ကို လက်မှတ်ရအင်ဂျင်နီယာများမှ စစ်ဆေး၍ အတည်ပြုလက်မှတ်ရေးထိုး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဗဟိုအလုပ်အမှုဆောင်များက မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


