နေပြည်တော် ဇူလိုင် ၁၇
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ(အင်းစိန်) မြွေဆိပ် ဖြေဆေးထုတ်လုပ်ရေးဌာနသို့ ရောက်ရှိရာ အစည်းအဝေးခန်းမ၌ စက်ရုံမှူးက မြွေဆိပ်ဖြေဆေး အေးခဲအခြောက်ခံ စက်တပ်ဆင်ပြီးစီးမှုနှင့် စက်စမ်းသပ် လည်ပတ်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ပြည်ထောင်စုဝန်ကြီးက မြွေဆိပ်ဖြေဆေး အေးခဲအခြောက်ခံစက်ကို သတ်မှတ်ထား သည့် အချိန်တွင် ပြီးစီးအောင်ဆောင်ရွက်ရန်၊ စက်တပ်ဆင်ခြင်း၊ စမ်းသပ်လည်ပတ်ခြင်းများကို သတ်မှတ်စံချိန် စံညွှန်းများနှင့် ကိုက်ညီမှုရှိအောင်ဆောင်ရွက်ရန်၊ မြွေဆိပ်ဖြေ ဆေးအေးခဲအခြောက်ခံစက်ကို ကျွမ်းကျင်စွာ ကိုင်တွယ် ထိန်းသိမ်းမောင်းနှင် အသုံးပြုနိုင်ရန်နှင့် စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးရန်နှင့် နည်းပညာလွှဲပြောင်းရယူနိုင်ရေး ဆောင်ရွက်ရန်မှာကြားပြီး အေးခဲအခြောက်ခံစက် အထိုင်ချတပ်ဆင်ပြီးစီးမှုနှင့် မြွေဆိပ်ဖြေဆေးများ ထုတ်လုပ်နေသည့် လုပ်ငန်းအဆင့်ဆင့်ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြည်သူလူထု အတွက် လိုအပ်သောဆေးဝါးများကို ပိုမိုထုတ်လုပ်နိုင်ရေးအတွက် ထုတ်လုပ်မှုစီမံခန့်ခွဲမှုစနစ် (Production Management System)နှင့် ထုတ်လုပ်မှုစီမံခန့်ခွဲမှု အစီအမံ (Production Management Plan) တို့ကို ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲစီမံ ဆောင်ရွက်ရန်၊ ထိုသို့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်မည့် လူ၊ စက်ပစ္စည်း၊ ကုန်ကြမ်း၊ နည်းစဉ်၊ အရည်အသွေးနှင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် ဆောင်ရွက်ရန်မှာကြားပြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို Power Point ဖြင့်ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာသည့် ဝန်ထမ်းများ၏ မေးမြန်းချက်များကို အသေးစိတ် ပြန်လည်ရှင်းလင်းဖြေကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးဝါးစက်ရုံ(အင်းစိန်)၏ စက်ရုံ အထိမ်းအမှတ်ပြခန်း တည်ဆောက်ပြီးစီးမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)