နေပြည်တော် နိုဝင်ဘာ ၂၈
ဆေးဝါးစက်ရုံ(အင်းစိန်)တွင် စက်ရုံသမိုင်းအထိမ်းအမှတ်ပြခန်း တည်ဆောက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ဆေးဝါး စက်ရုံ(အင်းစိန်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆေးဝါးစက်ရုံ (အင်းစိန်)အား ၁၉၅၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် ကုန်ထုတ်မှု လုပ်ငန်းများစတင်၍ စီးပွားဖြစ်လည်ပတ် ထုတ်လုပ်ရောင်းချခဲ့ကြောင်း၊ BPI အမှတ်တံဆိပ် ဆေးဝါးများကို ပြည်သူ အများ ယုံကြည်စိတ်ချစွာ သုံးစွဲနေကြောင်း၊ ဆေးဝါးစက်ရုံ (အင်းစိန်) သို့ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက် စစ်ဆေးစဉ် စက်ရုံ၌ နှောင်းလူများ သိရှိလေ့လာနိုင် ရန်အတွက် ဆေးဝါး ထုတ်လုပ်ခဲ့သည့် သမိုင်းဝင်အထိမ်းအမှတ် ပြခန်းတည်ထောင်ရန် လမ်းညွှန်ခဲ့ကြောင်း၊ ဆေးဝါးစက်ရုံ(အင်းစိန်)တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ပညာရှင် များအနေဖြင့် သမိုင်းဝင် အထိမ်းအမှတ်ပြခန်းကို အများပြည်သူ စိတ်ဝင်စားဖွယ်ဖြစ်ရန်နှင့် အချက်အလက်ထောက် အထား ပြည့်စုံမှုရှိစေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေး စေလိုကြောင်း သမိုင်းဝင် အထိမ်းအမှတ်ပြခန်း အောင်မြင်စွာ ဖြစ်ပေါ်လာရေးအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေး အကြံပြုပေးကြရန် ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသည့် ပညာရှင်များက ပြခန်းတွင် ပါဝင်သင့်သည့် အချက်အလက် အထောက်အထားများ၊ ခင်းကျင်းပြသမည့် စက်ပစ္စည်းကိရိယာများ၊ ဆောင်ရွက်ရန်လုပ်ငန်းစဉ်များကို ရင်းရင်းနှီးနှီး အသေးစိတ်ဆွေးနွေးကြပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ ပြခန်းတည်ဆောက်မည့် နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဆေးဝါးကုန်ကြမ်း တင်သွင်းသူ/ကုန်ချော ရောင်းချသူ ကိုယ်စားလှယ်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနရှိ ဆေးဝါးစက်ရုံ(အင်းစိန် ) နှင့် ဆေးဝါးစက်ရုံ(အင်ရောင်း)တို့တွင် အနောက်တိုင်း ဆေးဝါးများကို စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့များနှင့် အများပြည်သူများသို့ ရောင်းချဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ဆေးဝါးများ ထုတ်လုပ်ရန်အတွက် လိုအပ်သော ဆေးဝါးကုန်ကြမ်းများကို တင်ဒါခေါ်ဆို ဝယ်ယူလျက်ရှိ ရာဝင်ရောက်ယှဉ်ပြိုင်၍ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအနေဖြင့် အရည်အသွေး ပြည့်မီသော ကုန်ကြမ်းများကို သတ်မှတ်အချိန်အတွင်း ပေးသွင်းနိုင်ရေး အလေးထား ဆောင်ရွက်ရ မည်ဖြစ်ကြောင်း။
နိုင်ငံတော်ဝန်ကြီးချုပ် ဆေးဝါးစက်ရုံ(အင်းစိန်)သို့ လာရောက် ကြည့်ရှုစစ်ဆေးစဉ် “နိုင်ငံအတွင်း ပြည်ပမှ ဆေးဝါးတင်သွင်းမှုလျှော့ချပြီး ပြည်တွင်းထုတ်လုပ်မှုကို တိုးမြှင့်ထုတ် လုပ်နိုင်ရေး ဆောင်ရွက်ရန်၊ စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သည့်ဆေးဝါးများ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန်အတွက် ဆေးဝါးများ၏ အရည်အသွေးကောင်းမွန်ရန်နှင့် သင့်တင့်သည့် ဈေးနှုန်းဖြစ်စေရေးဆောင်ရွက်ရန်၊ ဆေးဝါးထုတ်လုပ်ရန်နှင့် အရည်အသွေး စစ်ဆေးရာတွင် အရည်အသွေးပြည့်မီပြီး စံချိန်စံညွှန်းကိုက်ညီသည့် ပစ္စည်းများကိုသာ သုံးစွဲရန်၊ ဆေးဝါး ကုန်ကြမ်းများ ဝယ်ယူရေးဆောင်ရွက်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်နှင့် နိုင်ငံတော် သမ္မတရုံး၏ အမိန့်ညွှန်ကြားစာ အမှတ် (၁/၂၀၁၇) ပါ ဝယ်ယူရေး လုပ်ထုံးလုပ်နည်းများနှင့် ညီညွှတ်မှုရှိစေရေး ကို အလေးထားဆောင်ရွက်ရန်” လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ကုမ္ပဏီ များအနေဖြင့် အရည်အသွေးပြည့်မီမှု၊ သတ်မှတ်ကာလအတွင်းပေးသွင်းနိုင်မှု တို့အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုများ ရှိရမည်ဖြစ်ကြောင်းနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး နိုင်ငံတော်၏မူဝါဒများနှင့်အညီ ဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် ဆေးဝါးကုန်ကြမ်း တင်သွင်းသူ/ကုန်ချောရောင်းချသူ ကိုယ်စားလှယ်များက လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့်အခက်အခဲများနှင့် ဆေးဝါးကုန်ကြမ်း များ အချိန်မီပေးသွင်းနိုင်ရေး ကြိုးစားဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဆေးဝါးသုတေသနဌာန ဝန်းအတွင်း၌ မှုလ ဓါတ်ခွဲခန်း တည်ဆောက်လျက်ရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
(သတင်းစဉ်)