နေပြည်တော် စက်တင်ဘာ ၁၆
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဆေးဝါးစက်ရုံ (အင်းစိန်) အတွင်း၌ တည်ဆောက် ထားရှိသည့် ဆေးဝါးစက်ရုံသမိုင်းပြခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဉီးစွာပြည်ထောင်စုဝန်ကြီးက စက်ရုံမှူးနှင့် တာဝန်ရှိသူများကို တွေ့ဆုံ၍ ပြသထားသည့် စက်မှုသမိုင်းဆိုင်ရာ စာအုပ်စာတမ်းများ၊ မှတ်တမ်းဓာတ်ပုံများ၊ စက်ပစ္စည်းများ ပြည့်စုံစေရန် စဉ်ဆက်မပြတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆေးဝါးထုတ်လုပ်သည့် စက်ပစ္စည်းများ၏ အလုပ်လုပ်ကိုင်ပုံ၊ ထုတ်နိုင်စွမ်းကို ဆေးဝါးပညာသင်များ နားလည်လွယ်ကူစေရန် ပုံစံကားချပ်များ ရေးဆွဲဖော်ပြရန်၊ အဆိုပါကားချပ်များကို မှတ်တမ်းစာအုပ်ပြုစုထားရှိရန်၊ စက်အမျိုးအစားတစ်ခုချင်းစီ၏ လုပ်ဆောင်ပုံများကိုလည်း ဆေးထုတ်လုပ်ရေး ပညာသင် လေ့လာသူများ ရှင်းလင်းစွာ လေ့လာသိရှိနိုင်စေရေးအတွက် ပြုစုပြသသွားရန် လိုကြောင်း၊ ဆေးဝါးစက်ရုံ သမိုင်းပြခန်း၏ ဖွဲ့စည်းပုံအား ဆေးဝါးစက်ရုံ (အင်းစိန်) ၏ ဖွဲ့စည်းပုံအတွင်းမှ ဆောင်ရွက်ရန်။
ဆေးဝါးထုတ်လုပ်သူ ပညာရှင်များ၊ ဆေးဝါးဗေဒပညာရှင်များ၊ ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ အင်ဂျင်နီယာများ လေ့လာရာတွင် အထောက်အကူဖြစ်စေမည့် မှတ်တမ်းအ ထောက်အထားများ၊ ဆေးဝါးထုတ်လုပ်မှုနှင့် သက်ဆိုင်သော ကျမ်းစာအုပ်များ၊ ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ သင်တန်းများ၏ သင်ရိုးမာတိကာများ၊ သင်ရိုးညွှန်းတမ်းများအားပြုစု၍ စုံလင်စွာပြသနိုင်ရေးစီမံ ဆောင်ရွက်သွားရန်နှင့် ဆေးဝါးစက်ရုံသမိုင်း ပြခန်းအား အကာင် အထည်ဖော် ဆောင်ရွက်ရာတွင်ပါဝင်ခဲ့သည့် ပညာရှင်၊ အတတ်ပညာရှင်နှင့် အဖွဲ့အစည်း များကို မှတ်တမ်းတင်ထားရှိရန်မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဆေးဝါးစက်ရုံသမိုင်းပြခန်းအတွင်း၌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်