နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ရှိ Daewoo Bus များ ထုတ်လုပ်သည့် အလုပ်ရုံသို့ ရောက်ရှိပြီး ထုတ်လုပ်တပ်ဆင်ထားသည့် Daewoo Bus များကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ 
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် လျှပ်စစ် မော်တော်ယာဉ်များနှင့် ပတ်သက်၍ မူဝါဒများရေးဆွဲ၍ ဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိသဖြင့် လျှပ်စစ်ဘတ်စ်များ တပ်ဆင်ထုတ်လုပ်မည့် လုပ်ငန်းများကို လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ကုမ္ပဏီတာဝန်ရှိသူများအနေဖြင့် လူမှုတာဝန်သိမှု လုပ်ငန်းများ (Corporate Social Responsibility - CSR) ဆောင်ရွက်ပေးရန်၊ လျှပ်စစ်သုံး မော်တော်ယာဉ်များအတွက် Charging Station နှင့် ရွှေ့လျား Charger တို့ကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် မှာကြားသည်။

 

mdn


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး ရေနီမြို့ရှိ စက္ကူစက်ရုံ (ရေနီ)သို့ ရောက်ရှိပြီး အသေးစားပျော့ဖတ်နှင့် စက္ကူထုတ်လုပ်သည့်စက်များ ပြုပြင်နေမှုနှင့် ချိန်ညှိခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တစ်ရက်လျှင် (၃) တန်မှ (၅) တန်အထိ ထုတ်လုပ်နိုင်သော အသေးစား ပျော့ဖတ်ထုတ်လုပ်သည့်စက်များ ထုတ်လုပ်နိုင်ရေးအတွက် အဖွဲ့များဖွဲ့စည်း၍ စနစ်တကျဆောင်ရွက်ရန်နှင့် တစ်ရက်လျှင် (၁၀) တန်အထိ ထုတ်လုပ်နိုင်သည့်စက်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ ထုတ်လုပ်မည့် အသေးစားပျော့ဖတ်ထုတ်စက်၏ ဒီဇိုင်းရေးဆွဲနိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရန်၊ ဓာတ်ခွဲခန်းသုံး စက်ပစ္စည်းကိရိယာများကိုလည်း ပြန်လည်စစ်ဆေး၍ ကောင်းမွန်အောင်ပြုပြင်ရန်၊ တစ်ရက်လျှင်တန် (၂၀) ထုတ်လုပ်နိုင်သည့် ကတ်ထူစက္ကူစက်ရုံကို ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိသဖြင့် စက်အရန်ပစ္စည်းများ ထုတ်လုပ်ပေးသည့် စက်ပစ္စည်းများ ပြုပြင်မွမ်းမံပေးရသည့် စက်ပစ္စည်းများကို ကောင်းမွန်အောင် ပြုပြင်ထားရန်၊ စက်ရုံရှိ ဝန်ထမ်းများသည် ပျော့ဖတ်နှင့် စက္ကူများထုတ်လုပ်သည့် လုပ်ငန်းအတွေ့အကြုံများ ရှိပြီးဖြစ်သော်လည်း ခေတ်မီနည်းပညာများ ရရှိစေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ ပြုလုပ်ပေးရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်