နေပြည်တော်၊ ဩဂုတ် ၂၆

 

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့ရှိ ကော်မှုန့်စက်ရုံကို ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ခံက လုပ်ငန်းဆောင်ရွက်နေသည့် အစီအမံတို့ကို ရှင်းလင်တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ “စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုလုပ်ငန်းများကို အားပေးရန်နှင့် စိုက်ပျိုးရေးပစ္စည်းများကို အခြေခံသည့် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်၊ စီးပွားရေးလုပ်ဆောင်မှုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လိုအပ်သော်လည်း ပြည်တွင်းရင်းနှီး မြှုပ်နှံမှုကိုအားပေးရန်၊ အထူးသဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ပြည်တွင်းရှိ SME များကို အားပေးဆောင်ရွက်ရန်” လမ်းညွှန်ထားပါကြောင်း။

 

mdn

 

ထို့ကြောင့်စက်ရုံပိုင် မြေကွက်လပ်များတွင် ရာသီဥတုနှင့် ကိုက်ညီသည့် စက်မှုကုန်ကြမ်း သီးနှံများ စိုက်ပျိုးရန်နှင့် မွေးမြူရေးလုပ်ငန်းများကို တွဲဖက်ဆောင်ရွက်ရန်၊ လက်ရှိအချိန်တွင် စက်ရုံ၌ ထုတ်လုပ်လျက်ရှိသည့် အရက်ပြန်များကို ကောင်းမွန်သော ထုတ်လုပ်မှုနည်းစဉ် GMP Guideline များအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုလျက်ရှိသည့် အရက်ပြန်များကို ယခုထက် ပိုမိုထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်၊ ထုတ်ကုန်ပစ္စည်းများကို အရည်အသွေး ကောင်းမွန်ပြီး စံချိန်စံညွှန်း ပြည့်မီစွာ ထုတ်လုပ်နိုင်ရေးအတွက် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးရန်၊ စက်ရုံပိုင် မြေ၊ အိမ်ယာ၊ အဆောက်အဦ၊ စက်ပစ္စည်း စသည့် ပုံသေပိုင်ပစ္စည်းများ စီမံခန့်ခွဲမှု အစီအမံများကို အလေးထား ဆောင်ရွက်ရန်နှင့် စက်ရုံပိုင်မြေဧရိယာ လုံခြုံရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားပြီး စက်ရုံအတွင်းရှိ ယခင်က အချိုမှုန့်နှင့် ကော်မှုန့်ထုတ်လုပ်ခဲ့သည့် စက်ပစ္စည်းများနှင့် အရက်ပြန်များ ထုတ်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သာဂရစက်မှုနယ်မြေသို့ ရောက်ရှိပြီး အမှတ် (၁၄) အကြီးစားစက်ရုံ၊ အမှတ် (၁၅) အကြီးစားစက်ရုံ နှင့် အမှတ် (၂၆) အကြီးစားစက်ရုံ တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များကို  မှာကြားခဲ့ကြောင်း သိရသည်။   

 

သတင်းစဉ်