နေပြည်တော်၊ ဇန်နဝါရီ ၂၃

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကရင်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရှိ ဝန်ထမ်းများသည် ပြည်နယ်အတွင်းရှိ စက်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များ စနစ်တကျရှိစေရေးတို့အတွက် စစ်ဆေးကြပ်မတ် ထိန်းကျောင်းသည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများကြောင့် ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေးနှင့် စနစ်တကျ ရှိစေရေးတို့အတွက် စက်မှုလုပ်ငန်းများကို အမြဲမပြတ် စောင့်ကြည့် ကြပ်မတ်စစ်ဆေး ရမည်ဖြစ်ကြောင်း၊ ထို့ပြင် လျှပ်စစ်အန္တရာယ်ကြောင့် ပြည်သူများ၏ အသက်အိုး အိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက်လည်း စနစ်တကျစစ်ဆေးရန်နှင့် အသိပညာပေးရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘွိုင်လာများကို ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စွမ်းအားပြည့် အသုံးပြုနိုင်ရန်နှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်ရန်အတွက် စနစ်တကျ စစ်ဆေးပေးရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်းရှိ MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းများမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြရန်နှင့် တွေ့ကြုံနေသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေးအတွက် စုပေါင်းအားဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေး၍ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘားအံစက်မှုဇုန်ရှိ ကျော်-၃ ပလတ်စတစ် ရေတိုင်ကီစက်ရုံနှင့် သဘာဝကျောက်မှုန့် မြေဩဇာစက်ရုံတို့ကို လှည့်လည်အားပေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

mdn