နေပြည်တော် ဩဂုတ် ၇

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အထူးရန်ပုံငွေ (၂၀၂၃)ဖြင့် ဆောင်ရွက်သည့် စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း သည် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) နေပြည်တော်ရှိ အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့် တက်ရောက်အမှာစကား ပြောကြားသည်။

ဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာန စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီအဖွဲ့ဝင်များ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(မြန်မာ)မှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ စားသောက်ကုန်လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များနှင့် ဆက်စပ်အဖွဲ့အစည်းများမှ တာဝန်ရှိ သူများတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသည့် တာဝန်ခံဝန်ကြီးဌာနဖြစ်သည့်အတွက် လုပ်ငန်းများကို ထိထိရောက်ရောက်နှင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်လိုသည့်အတွက် အမျိုးသားအဆင့်စွမ်းအင် အကျိုးရှိထိရောက်စွာသုံးစွဲရေးနှင့် ထိန်းသိမ်းရေးမူဝါဒ၊ မဟာဗျူဟာနှင့် ရှေ့လုပ်ငန်းစဉ်များကို ၂၀၁၆ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်း ထားကြောင်း၊ မူဝါဒရည်မှန်းချက်အနေဖြင့် ၂၀၁၂ ခုနှစ် စွမ်းအင်သုံးစွဲမှုကို အခြေခံပြီး ၂၀၃၀ ပြည့်နှစ်တွင် ၂၀ ရာနှုန်း လျှော့ချနိုင်ရန်ရည်မှန်းထားကြောင်း၊ မဲခေါင်-လန်ချန်း အစီအစဉ်ဖြင့် ဆောင်ရွက်မည့် စီမံကိန်းပါလုပ်ငန်းများသည် စက်မှုကဏ္ဍနှင့် သက်ဆိုင်သည့်လုပ်ငန်းများ ဖြစ်ကြောင်း၊ စက်မှုကဏ္ဍ၌ စွမ်းအင်သုံးစွဲမှုများသည် စက်ရုံအလုပ်ရုံများတွင် စွမ်းအင်စီမံခန့်ခွဲ မှုစနစ်ကျင့်သုံးနိုင်ရန်နှင့်  စွမ်းအင်မန်နေဂျာများ မွေးထုတ်ပေးမှုကို တွန်းအားပေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်များတွင်လည်း စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးနည်းပညာများကို အသုံးချရန်နှင့် စွမ်းအင်စွမ်းဆောင်ရည်မြင့်မားသည့် စက်နှင့် စက်ပစ္စည်း ကိရိယာများအသုံးပြု ဆောင်ရွက်သွားရန် စသည့် လုပ်ငန်းစဉ်များပါဝင်ကြောင်း၊ ထုတ်လုပ်မှုကဏ္ဍတွင်ထုတ်လုပ်မှု ကုန်ကျစရိတ်၏ ၄၀ ရာနှုန်းခန့်သည် စွမ်းအင်သုံးစွဲမှုစရိတ်များ ဖြစ်ကြောင်း၊ စွမ်းအင်အလေအလွင့်မရှိအောင် ဆောင်ရွက်ခြင်းဖြင့် ထုတ်လုပ်မှုတွင် စွမ်းအင်ကုန်ကျစရိတ်ကို လျော့နည်းသက်သာစေမည်ဖြစ်ကြောင်း၊ နိုင်ငံ၏စီးပွားရေးသည် စိုက်ပျိုးရေးကိုအခြေခံသည့် စီးပွားရေးဖြစ်ပြီး စက်မှုဝန်ကြီးဌာန၌ မှတ်ပုံတင်ထားသည့် စက်မှုလုပ်ငန်း စာရင်းအင်း အချက်အလက်များအရ ပြည်တွင်းစက်မှုလုပ်ငန်း အများစုသည် စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများဖြစ်ကြောင်း။

ထို့ကြောင့် ယခုစီမံကိန်းတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် စားသောက်ကုန် လုပ်ငန်းများကို ဖြစ်နိုင်ချေ ရှိသည့် ဦးစားပေးလုပ်ငန်းများအဖြစ် ရွေးချယ်ထည့်သွင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲသည် ရန်ကုန်မြို့တွင်ရှိသည့် စားသောက်ကုန်လုပ်ငန်းအများစုအတွက် ရည်ရွယ်ပြီး စွမ်းအင်အကျိုးရှိစွာသုံးစွဲရေး နည်းပညာများ မျှဝေသွားမည်ဖြစ်ကြောင်း၊ စွမ်းအင် အကျိုးရှိထိရောက်စွာသုံးစွဲရေးဆိုင်ရာ နည်းပညာများနှင့် စားသောက်ကုန်လုပ်ငန်း ဆိုင်ရာ သတင်းအချက်အလက်များကို သက်ဆိုင်ရာပညာရှင်များက ဆွေးနွေးပြောကြားပေး မည်ဖြစ်ကြောင်း၊ ယနေ့အသိပညာ မျှဝေခြင်းဆွေးနွေးပွဲသည် အကျိုးရှိအောင်မြင်သော အစီအစဉ်တစ်ခုဖြစ်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ခဲ့မှု၊ ညွှန်ကြားရေးမှူးက အစားအ သောက်ထုတ်လုပ်မှုကဏ္ဍတွင် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်နေမှု၊ အမျိုးသားအဆင့်အတိုင်ပင်ခံကိုယ်စားလှယ်က အစားအသောက်ထုတ်လုပ်မှု ကဏ္ဍ၌ နိုင်ငံတကာတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲမှုနှင့်ပတ်သက်၍ ကောင်းမွန် သည့် အလေ့အကျင့်များ၊ မြန်မာနိုင်ငံအစားအသောက်ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ကိုယ်စားလှယ်က အစားအသောက် ထုတ်လုပ်မှုကဏ္ဍတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှု၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ကိုယ်စားလှယ် က အစားအသောက် ထုတ်လုပ်မှုကဏ္ဍတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုရန် လမ်းညွှန်ချက်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ကိုယ်စားလှယ်က စွမ်းအင်အကျိုးရှိ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခြင်း၊ အကြံပြုဆွေးနွေးခြင်း၊ စွမ်းအင်အကျိုးရှိထိရောက်ရန် ဆောင်ရွက်နိုင်ရေးအတွက် နည်းလမ်းများ ချမှတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်